အရင် ပြောချင်တာကတော့ မားကက်တင်းဆိုတာ ဘာလဲ။ Marketingရဲ့ အဓိပ္ပာယ်ကတော့ ဈေးကွက်ဖွင့်ခြင်း ဆိုတာကို ဖော်ဆောင်တာပဲ ဖြစ်ပါတယ်။ အဲ ဈေးကွက်ဖွင့်တယ် ဆိုတာရဲ့ ရည်ရွယ်ချက်က တကယ် လိုတာထက် ပိုပြီး ရောင်းချနိုင်ရေးနှင့် လူသိများရေးကို ပြောခြင်း ဖြစ်ပါတယ်။ ဈေးကွက်ဖွင့်ခြင်းဆိုတာ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ကြော်ငြာခြင်းနဲ့ ရောင်းအား တိုးတက်အောင် လုပ်ခြင်း ဆိုတဲ့ဆောင်ရွက်မှုတွေ ဖြစ်တယ်။ ကုန်ထုတ်လုပ်ဖို့ စီမံလျာထားခြင်းနဲ့ ဈေးကွက်ကို စူးစမ်းလေ့လာ သုတေသန လုပ်တာတွေလည်း ပါပါတယ်။ စီးပွားရေး လုပ်ငန်းတစ်ခုရဲ့ အဲဒီဆောင်ရွက်မှုတွေမှာ စားသုံးသူနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံရတာတွေ ပါ၀င်တယ်။ သူတို့ရဲ့ လိုအင်ဆန္ဒတွေကို အကဲဖြတ်တာပါတယ်။ အဲဒီဆောင်ရွက်မှုက ရရှိတဲ့ သတင်း စကားတွေကို ရောင်းချဖို့အတွက် ထုတ်လုပ်တဲ့ ကုန်စည်နဲ့ (၀န်ဆောင်မှု)တွေအဖြစ် ဘာသာပြန် အသွင်ပြောင်း ပေးခြင်း ဖြစ်တယ်။ ဒီလို အသွင် ပြောင်းရာမှာတော့ မိမိတို့ ကုမ္ပဏီ သို့မဟုတ် စီးပွားရေးလုပ်ငန်းရဲ့ ဦးတည်ချက်တွေန့ဲ အညီအညွတ်ဖြစ်အောင် လုပ်ရမှာ ဖြစ်တယ်။ ဒီလိုပါပဲ။ ဈေးကွက်ဖွင့်တဲ့ လူတွေက သူတို့လုပ်နေတဲ့ ထုတ်ကုန်တွေအကြောင်း၊ အမှတ်တံဆိပ်တွေ အကြောင်း ဒါမှမဟုတ်ရင်လည်း ဆောင်ရွက်ပေးမှုတွေအကြောင်း ပြောလေ့ရှိကြတယ်။ ဘာတွေလဲဆိုတော့
၁။ ထုတ်ကုန် (Product) ဆိုတာ ထုတ်လုပ်တဲ့ အမျိုးအစား တစ်ခုခုပါပဲ။ ထုတ်လုပ်ရောင်းချတဲ့ ပစ္စည်းဆိုလည်း မမှားပါဘူး။
၂။ အမှတ်တံဆိပ် (Brand) ဆိုတာ ထုတ်ကုန်တစ်မျိုး သို့မဟုတ်ရင်လည်း ထုတ်ကုန်အမျိုးအစားတစ်စုကို အမှတ်အသား ပြုထားတာ ဖြစ်တယ်။ နောက်တစ်ချက်ကတော့
၃။ ဆောင်ရွက်မှု (Service) ဆိုတာ အစဉ်အလာ ဖြစ်နေတာက လူကို အရင်းပြုပြီး လုပ်ကိုင်ပေးတဲ့ ဆောင်ရွက်မှု (၀န်ဆောင်မှု)တွေပဲ ဖြစ်ပါတယ်။
မားကက်တင်းကို အပိုင်း (၄)ပိုင်းနဲ့ လေ့လာ သုံးသပ်သွားမယ်ဆိုရင် သင်ရဲ့ လုပ်ငန်းဟာ တစ်ရှိန်ထိုး အောင်မြင် ကျော်ကြား ထွန်းပေါက် လာနိုင်မယ်လို့ ကျွန်မ ရဲရဲကြီး ပြောလိုက်ပါရစေ။ ဒါတွေက ဘာတွေလဲ။ သင် သိချင်သလား။ ကဲ ဆက်လက် လေ့လာကြည့်ရအောင်။
၁။ သုတေသန (ရှာဖွေဖော်ထုတ်ခြင်း)
၂။ ဗျူဟာ သို့မဟုတ် အခင်းအကျင်း (ဦးတည်ချက်နဲ့ ပန်းတိုင် သတ်မှတ်ခြင်း)
၃။ အစီအစဉ်လုပ်ခြင်း (ပန်းတိုင်ရောက်အောင် သွားရမယ့် လမ်းအဆင့်ဆင့်)
၄။ ကျင့်သုံးဆောင်ရွက်ခြင်း (လက်တွေ့လုပ်ဆောင်ခြင်း) ဆိုပြီး အပိုင်း (၄)ပိုင်းနဲ့သာ လုပ်ဆောင်ခဲ့မယ် ဆိုရင်… အကျိုးဆက်က ဘာတွေ ဖြစ်ပေါ်လာမလဲ။ ကျွန်မ ပြောနေရုံနဲ့ သင်တို့ အောင်မြင်မယ်လို့ ထင်နေပါသလား။ တကယ် လက်တွေ့ လုပ်ဆောင်မှသာ လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိမှာပေါ့၊ ဟုတ်ဖူးလား။
ဒီအပိုင်း တစ်ပိုင်းချင်း ဆောင်ရွက်ပုံ နည်းလမ်းကို သီးခြားစီ စဉ်းစား ဆုံးဖြတ်တာတော့ ဖြစ်နိုင်ပါတယ်။ အဲ တစ်ချက်တည်းကိုသာ ကျင့်သုံးရုံနဲ့တော့ ဘာမှ အရာရောက်မှာ မဟုတ်ပါဘူး။
၁။ သုတေသန (Research)
ကိုယ့်လုပ်ငန်းအခြေအနေနဲ့ ၀ယ်မယ့်သူတွေ(စားသုံးသူတွေ)ရဲ့ အခြေအနေကို စူးစမ်း ဖော်ထုတ်တာ ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်း အနေအထားကို တိတိကျကျပေါ်လွင်အောင် အတွင်းပိုင်း ပြန်ကြည့်တာကနေ စတင် သင့်ပါတယ်။ တစ်နည်းပြောရရင် စာရင်းစစ်တယ်လို့လည်း ပြောလို့ရပါတယ်။
– ကိုယ့်ကုမ္ပဏီ ကိုယ့်စီးပွားရေးလုပ်ငန်းက ဘာကိစ္စမှာ ကောင်းတာလဲ?
– ကိုယ့်အားသာချက်(S)နဲ့ အားနည်းချက်(W) တွေက ဘာလဲ?
– ဈေးကွက် အခွင့်အလမ်းတွေ(O) ဘယ်လို အခြေအနေရှိသလဲ?
– ကိုယ့်အတွက် စိုးရိမ်စရာဖြစ်အောင် ခြိမ်းခြောက်နေတာတွေ (T) က ဘာတွေလဲ?
S က Strength လို့ အဓိပ္ပာယ်ရပြီး ကျန်တဲ့ W က Weakness၊
O က Market Opportunities၊ T က Threats၊ အဲဒီလို အတိုကောက် မှတ်သားပြီး တစ်စုတစ်စည်းတည်း SWOT လေ့လာဆန်းစစ်မှုလို့ ခေါ်ဆို သုံးနှုန်းလေ့ရှိကြပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ သိကြမယ်လို့လည်း ကျွန်မ မြင်မိပါတယ်။ SWOT ဆိုတဲ့ ေဝါဟာရ ကိုယ်တိုင်က သေရေးရှင်ရေးလို အလွန်အရေးကြီးတဲ့ ကိစ္စရပ်တွေ ပညာရပ်၊ ဘာသာရပ်တွေကို အပြင်းအထန် လေ့လာသည်၊ လေ့လာခြင်း၊ လေ့လာသူလို့ ကြိယာအနေနဲ့ရော နာမ်အနေနဲ့ပါ အဓိပ္ပာယ်ရှိနေတယ်။ ဒါကြောင့် SWOT လို့ မှတ်ထားရင် ပိုပြီး မှတ်မိလွယ်သွားပါ တယ်။ နောက်တစ်နည်းက SWOT Analysis လို့ တွဲပြောရပါတယ်။ ဒီနယ်ပယ်မှ မဟုတ်ပါဘူး။ ခုလက်ရှိ Develop ဖြစ်ဖို့ ကြိုးစားနေတဲ့ သူတိုင်း ICT Develop မှာပါ SWOT Analysis ဟာ မပါမဖြစ် အရေးပါတဲ့ အခန်းကဏ္႑ကနေ ပါ၀င်နေလို့ပါပဲ။ ခု ကျွန်မ အိုင်စီတီနဲ့ ပတ်သက်ပြီး ပရောဂျက်တွေ ဆော့၀ဲတွေ ကျောင်းမှာ လုပ်ရတော့ SWOT Analysis ကို ပိုမို သိရှိလာမိပါတယ်။
နောက်တစ်ဆင့်ကတော့ ဈေးကွက် သုတေသန လုပ်ရပါမယ်။ ၀ယ်သူတွေရဲ့ လိုအင်ဆန္ဒကို ရှာဖွေ ကြည့်တာပါပဲ။ သူတို့ ဘာ အလိုရှိနေကြသလဲပေါ့။ အဲဒါ လုပ်ပြီးရင် ကိုယ့်လုပ်ငန်းအခြေအနေနဲ့ သူတို့ရဲ့ လိုအင်ဆန္ဒကို ယှဉ်တွဲ သုံးသပ်ကြည့်နိုင်ပါပြီ။ အဲဒီလို တိုက်ကြည့်လိုက်တော့ ကွာဟမှု လေ့လာဆန်းစစ်ချက် (Gap Analysis)ကို ရရှိပါတယ်။ ဒီလိုပြောတာက ပညာရပ် အသုံး အနှုန်းနဲ့ ပြောတာပါ။ ရိုးရိုးနဲ့ ရှင်းအောင် ဆိုရင်တော့ ကိုယ်က ထုတ်လုပ်ရောင်းချပေးနေတာနဲ့ ၀ယ်သူတွေ အလိုရှိနေတာအကြား ခြားနားကွာဟချက်ကို သိနိုင်လာတယ်ပေါ့။ ဟုတ်တယ်နော်။ အဲဒီကွာဟမှုကို သိရရင် အဲဒီကွာဟနေတာ စေ့သွားအောင် ကိုယ်က ကြိုးစားရတော့မယ်။ ၀ယ်သူက အမြဲမှန်နေတာလို့ ခံယူရမှာကိုး။ ဒီတော့ ကွာဟ ကွဲလွဲနေရင် ကိုယ်က ပြင်ရမှာပေါ့။ ကိုယ်က မပြင်ရင် သူနဲ့ကိုက်တဲ့လူဆီ ရောက်သွားမှာပဲပေါ့။ ဒါပေမယ့် တကယ်တမ်းကျတော့ ဈေးကွက်ဖွင့်ကြတဲ့အခါမှာ စနစ်တကျ အချက်အလက်တွေနဲ့ တွက်ချက်ရေးဆွဲ ဆောင်ရွက်သူမျိုး တော်တော် ရှားတတ်ပါတယ်။ ကိုယ့်မှာ ကုန်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းရှိတယ်။ ကိုယ့်မှာ ခန့်ထားတဲ့ ၀န်ထမ်း၊ အလုပ်သမားတွေရှိတယ်။ ကိုယ့်မှာ အရင်းအနှီးလုပ်ဖို့ ငွေကြေးလည်းရှိနေတယ်။ ဒါတွေ သာ ပြည့်စုံနေပြီဆိုရင် ကိုယ်သွားမယ့်ပန်းတိုင်တစ်ခုကို ချိန်ရွယ် ရည်မှန်းရပါလိမ့်မယ်။ ဒီလိုလုပ်တာဟာလည်း အစစအရာရာ အံ၀င်ခွင်ကျဖြစ်အောင် လုပ်တာမဟုတ်ပါဘူး။ တကယ်လည်း မလုပ်နိုင်သေးပါဘူး။ ကိုယ့်မှာ ရှိပြီးဖြစ်တဲ့ စွမ်းအား အရင်းအမြစ်တွေနဲ့ လက်တွေ့ကျကျ ကိုယ်တစ်နိုင် တစ်ပိုင် အံ၀င်မှု အဖြစ်နိုင်ဆုံး ပန်းတိုင်ကို ရွေးချယ်ရတာ ဖြစ်ပါတယ်။
မားကက်တင်းဆိုတာကလည်း ကိုယ့်ထုတ်ကုန်ပစ္စည်း (သို့မဟုတ်)ကိုယ့်၀န်ဆောင်ပေးမှုတွေကို ဖြစ်နိုင်သမျှ အများဆုံး ရောင်းရအောင် နေရာချထားပေးခြင်းနဲ့ ထုပ်ပိုးပေးထားခြင်းသာ ဖြစ်တယ်။ ဒါကိုပဲ နည်းလမ်းပေါင်းစုံနဲ့ လုပ်နေကြတာ ဖြစ်ပါတယ်။ တကယ်တမ်း အရေးကြီးဆုံးအချက်ကတော့ ကိုယ် ထုတ်လုပ်ရောင်းချဆောင်ရွက်ပေးတဲ့ ကုန်ပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေကို ၀ယ်ယူအားပေးနေကြတဲ့ စားသုံးသူတွေရဲ့ အကြောင်းကို သိရှိနားလည်တာဟာ မားကက်တင်းခေါ် ဈေးကွက်ဖွင့်ခြင်းပဲ ဖြစ်ပါတော့တယ်။ အဲ အမှန် ပြောရရင် စားသုံးသူတွေကို နားလည်ခြင်းဆိုရင် ပိုမှန်မယ် ထင်ပါတယ်။ နားလည်ရာမှာ သူတို့ ဘာတွေ လိုအပ်နေသလဲနဲ့ သူတို့ ဘာတွေ လုပ်ချင်နေကြသလဲဆိုတာကို ခွဲခြားနားလည်ရမှာလို့ ကျွန်မတော့ မြင်မိပါတယ်။
ဆက်လက်ပြီး ဈေးကွက်မှာ အောင်မြင်အောင် လုပ်ဆောင်ဖို့ အပိုင်း (၄)ပိုင်းမှ နောက်ထပ်တစ်ချက်ကို ကျွန်မ ပြောချင်ပါတယ်။ ဒါကတော့ ဗျူဟာ အခင်းအကျင်းပဲ ဖြစ်ပါတယ်။ ဈေးကွက်ဖွင့် အခင်းအကျင်းဆိုတာ စီးပွားရေးလုပ်ငန်းရဲ့ ရည်မှန်းချက် ပန်းတိုင်နဲ့ ဦးတည်ရည်ရွယ်တဲ့ အကြောင်းအရာတွေကို ချမှတ်တာ ဖြစ်ပါတယ်။ ဒီတော့ ဘာအကြောင်းအရာတွေ စဉ်းစားသင့်လဲဆိုတာ ကြည့်ရအောင်။
အခုကိုယ့်လုပ်ငန်းက ဘယ်နေရာ ဘယ်အဆင့်ရောက်နေသလဲ?
ကိုယ်တို့ ဘယ်နေရာ ဘယ်အဆင့်ကို ရောက်ချင်တာလဲ?
ဘာကြောင့် အဲဒီနေရာ အဲဒီအဆင့်ကို ရောက်ချင်ရတာလဲ?
ဒါဆိုရင် ကိုယ် ဘာတွေပြီးစီးအောင် လုပ်ရမှာလဲ?
ဈေးကွက်ဗျူဟာချတော့မယ်ဆိုရင် အပိုင်း (၁)မှာ ပြောခဲ့တဲ့ ဈေးကွက်သုတေသနက အဲဒီမွေးခွန်းတွေကို အဖြေပေးနိုင်မှာ ဖြစ်ပါတယ်။ ဗျူဟာအခင်းအကျင်း ချလိုက်တယ်ဆိုတာ ကိုယ်သွားမယ့်နေရာဆီကို ဦးတည်လိုက်တာပဲ။ သွားမယ့်အရပ် နေရာရှိပြီဆိုရင် နောက်ထပ် မေးခွန်းတစ်ခုကို အဖြေပေးရလိမ့်မယ်။ ဘယ်လိုဘယ်ပုံနဲ့ အဲဒီနေရာကို ရောက်နိုင်မှာလဲ ဆိုတဲ့ အရာပါပဲ။
ကဲ ဒီတော့ အချက် (၃)ဖြစ်တဲ့ အစီအစဉ်ရေးဆွဲခြင်းကို ဆက်လက်ကြည့်ရအောင်။
၃။ အစီအစဉ်လုပ်ခြင်း
ဈေးကွက်ဖွင့် အစီအစဉ် ရေးဆွဲတာဟာ ဘယ်လိုဘယ်ပုံနဲ့ အဲဒီနေရာ ရောက်နိုင်မှာလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြားပေးတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ သော့ချက်ကျတဲ့ အချက်တွေကို အချိုး အဆ မှန်ကန်စွာ ရောစပ်ဖို့ စီစဉ်တာ ဖြစ်ပါတယ်။ P လေးလုံးကို ဆောင်ထားဖို့လည်း မမေ့သင့်ဘူးလို့ ကျွန်မ ပြောပါရစေ။ ပီလေးလုံးက ဘာတွေလဲ။ ဈေးကွက်အကြောင်း ပြောတာ ဘယ်က ပီလေးလုံးက ပါလာရပြန်တာ လဲလို့လည်း မအောင်းမေ့လိုက်ပါနဲ့။
၁။ Product ဆိုတဲ့ ထုတ်ကုန် (အဲဒီထဲမှာ ၀န်ဆောင်မှုလည်းပါတယ်။)
၂။ Place ဆိုတဲ့ နေရာဒေသ (ဖြန့်ဖြူးတာ၊ လွယ်ကူအဆင်ပြေစွာ ၀ယ်ယူရရှိနိုင်တာ။)
၃။ Promotion ဆိုတဲ့ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေကို စားသုံးသူတွေထဲ ပို့ဆောင်ပေးတဲ့နည်းလမ်း။
၄။ Price ဆိုတဲ့ ဈေးနှုန်း (ဘာအတွက် ဘယ်လောက်တန်ဖိုး သတ်မှတ် တောင်းခံမှာလဲ။) ပီလေးလုံးဆိုတာ ကျွန်မ ပြောချင်တာတွေပါပဲ။
ဒီပစ္စည်းက ဘာလဲ?
ဘယ်ဆိုင် ဘယ်နေရာမှာ ၀ယ်ရတာနိုင်တာလဲ?
ဒီ (ရောင်းကုန်ပစ္စည်း)အကြောင်းကို လူတွေသိအောင် ဘယ်လိုပြောပြသလဲ?
ဒါက ဘယ်လောက်တန်လို့လဲ?
ဒါတွေက ကျွန်မလို လူပိန်းတစ်ယောက်တောင် သိနိုင်တဲ့ အချက်တွေ ဆိုတော့ သင်တို့အနေနဲ့တော့ ပြောစရာ လိုမယ် မထင်ပါဘူး။ ခုနောက်ပိုင်း မားကက်တင်းက အပြင်အပတွေတင် မဟုတ်တော့ပဲ အွန်လိုင်းကနေပါ အွန်လိုင်းမားကက်တင်းဆိုပြီး ရေပန်းစားလာတာဆိုရင်ဖြင့် အရင့်အရင်တွေထက် ပိုပြီး လုပ်ငန်း တိုးတက်အောင်မြင် မြန်ဆန်ဖို့ နည်းလမ်းကောင်းတွေပဲ မဟုတ်ပါလား။
ဘယ်နေရာ ကြည့်ကြည့် လက်ကမ်းစာစောင်တွေ၊ စတေကာတွေ၊ ပရိုမိုးရှင်း ကမ်းတာတွေ ပိုများလာသလို ပရိုမိုးရှင်းလုပ်တာတွေလည်း သီတင်းကျွတ်ရင်လည်း သီတင်းကျွတ်မို့ အဲ… သီတင်းကျွတ် ကျော်တော့ တန်ဆောင်တိုင် ပရိုမိုးရှင်းလာပြန်ရော။ နောက်… ပြီးသွားပြန်တော့ ဆောင်းတွင်းကာလ လုပ်ပြန်သေးတယ်လေ။ (၁၂)လမှာ တစ်လ တစ်မျိုး မရိုးအောင် ဈေးကွက် ထိုးဖောက်လာကြတာ အမြင်ကျယ်ပြီး နည်းလမ်းကောင်းတဲ့ သူတွေက ပိုမို အောင်မြင်လာတာပဲ မဟုတ်လား။ ကျွန်မကတော့ ပြောသာ ပြောရတာ ပါရှင်။ ကုမ္ပဏီ၀န်ထမ်းတစ်ယောက် ဖြစ်နေတ့ဲအတွက် ၀န်ထမ်းလစာ (ကားခစရိတ်လောက်သာသာ) လေးနဲ့ တစ်လ တစ်လ အလျင်မီအောင် ရုန်းကန်နေရတော့ ပရိုမိုးရှင်းလုပ်တဲ့ပွဲတိုင်း အပြင်ကသာ ငေးကြည့်ခွင့် လက်မှတ်ကိုင်ဆောင်ထားသူ တစ်ဦးပါပဲလေ။ ပီလေးလုံးအကြောင်းကို လာမည့်အပတ်တွင် ဆက်လက်တင်ပြပါမယ်။