Automobile, News

အခြေခံသိထားသင့်တဲ့ ကားပြဿနာဖြေရှင်းနည်း

အခြေခံသိထားသင့်တဲ့ ကားပြဿနာဖြေရှင်းနည်း

ကားတစ်စီးမှာ ပျက်နိုင်ချေ၊ ဖြစ်နိုင်ချေတွေက အများကြီးပါ။ သို့ပေမယ့် အချို့ပျက်ဆီးမှုများက ဝပ်ရှော့ပို့စရာမလိုပဲ ကိုယ်တိုင်ပြင်လို့ရတာရှိပါတယ်။ အချို့ကျတော့လည်း ကိုယ်တိုင်ပြင်လို့မရပေမယ့် သိထားတော့ ဝပ်ရှော့ ပို့တဲ့အခါကိုယ်က ကားပြဿနာအား ပိုပြီးနားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခြေခံအားဖြင့် ကား ပိုင်ဆိုင်သူအားလုံး သိထားသင့်တဲ့ အခြေခံကားပြဿနာဖြေရှင်းနည်း ဗဟုသုတလေးကို Motors.com.mmမှ ရေးသားမျှဝေ ပေးလိုက်ရပါတယ်။

မီးခိုးအထွက်လွန်နေရင် – သေချာပါတယ်။ ဆီယိုနေပါပြီ။ ဒီမှာ မီးခိုးအရောင်ကို ထပ်ခွဲရပါအုံးမယ်။ မီးခိုး အမည်းရောင်ဆိုရင် အင်ဂျင်ဆီယိုနေခြင်း ဖြစ်ပါတယ်။ မီးခိုးအဖြူဘက် နည်းနည်းလိုက်ရင် ရေယိုနေခြင်း ဖြစ်ပါတယ်။ ရေယိုဆိုတာ အင်ဂျင် အအေးခံဖို့အတွက် ပေးထားတဲ့ရေလမ်းကြောင်းကနေပေါက်ထွက်ပြီး ဆလင်ဒါထဲဝင်ရောလို့ ဖြစ်ပါတယ်။ မီးခိုအပြာရောင် သို့မဟုတ် အခြားသောအရောင်စုံဆိုရင် ဒါချောစီ(ကား ချောစီ)ယိုနေခြင်း ဖြစ်ပါတယ်။ ပြဿနာဖြေရှင်းနည်းအား အကြံဉာဏ်ပေးရမည်ဆိုရင်ဖြင့် ဝပ်ရှော့ဆိုင်သာပို့ပါ။ ဒါကလက်တည့်စမ်းပြီး လျှောက်ပြင်ရမယ့် ပြဿနာမဟုတ်ပါဘူး။ အဆိုးဆုံးအခြေအနေကတော့ အင်ဂျင်ပေါက်ကွဲခြင်းဖြစ်ပါတယ်။ ဆလင်ဒါရဲ လုပ်ဆောင်ချက်က ပုံမှန်မဟုတ်တော့ပဲ မီးလောင်မယ့်အနေအထားထိကို ရောက်စေပါတယ်။

ပါဝါမှန် ပူနေရင် – ပါဝါမှန်ပူနေရင် ဒီတိုင်းပစ်မထားပါနဲ့ ပြဿနာရှိနိုင်ပါတယ်။ အတွင်းမှာထည့်ထားတဲ့ အမဲဆီ တစ်မျိုးက တော်တော်လေး အပူဒဏ်ခံနေရခြင်း ဖြစ်ပါတယ်။ ကိုယ်က ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ မှန်က အပေါ် တက်သွားတာမှန်ပေမယ့် နောက်ကွယ်မှာ သူအလုပ်လုပ်လိုက်ရတဲ့ ဖန်ရှင်တွေ တော်တော်လေးစုံပါတယ်။ အီလက်ထရောနစ်နဲ့ ဟိုက်ဒရောလစ်စနစ် ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ တစ်ခုပျက်ရင် နှစ်ခုလုံးကိုအလုပ် မလုပ်စေတော့ပါဘူး။ ဒီလိုဖြေရှင်းလို့ရပါတယ် ဆီအစားထိုးပေးရမှာဖြစ်ပါတယ်။ ဆီဆိုလို့တွေ့ကရာ ဆီ မဟုတ်ပါဘူး။ သူ့အမျိုးအစားနဲ့သူ သတ်မှတ်ထားတာရှိပါတယ်။ ကိုယ်တိုင်ဖွင့်ကြည့်နိုင်တယ်ဆိုရင် ကြည့်နိုင်ပါတယ်။ အတွင်းမှာအသုံးပြုတဲ့ ဆီတစ်မျိုးကို စနစ်တကျ ပြန်အစားထိုးပေးဖို့တော့ လိုပါတယ်။ ဝပ်ရှော့ပို့တာ အန္တာရယ်ပိုကင်းပါတယ်။ ဝပ်ရှော့ပို့ပေမယ့် သူတို့ပြန်ထည့်ပေးမယ့်ဆီကို သေချာစစ်ဆေးစေချင်ပါတယ်။ မှန်အတင်အချစနစ်မှာသုံးတဲ့ Grease oilက တော်ရုံဆီများနဲ့ မတူပါဘူး။ တလွဲထည့်ရင် ခဏတာ ကောင်းပေမယ့် ရေရှည်မှာ အန္တာရယ်ရှိပါတယ်။

စက်ကောင်းကောင်းမနိုးရင် – အရင်ကဆို သော့တစ်ချက်လှည့်ရုံနဲ့ စက်နိုးပေမယ့် နောက်ပိုင်းကျ အဲ့လိုမဟုတ် တော့ဘူးဆိုတာမျိုးလည်း ဖြစ်ပါတယ်။ မြင်းဟီးသလိုပဲ တစ်ဟီးဟီးနဲ့ ထမြည်လို့ရပ်သွားပါတယ်။ တစ်ခါခါတော့ အဲ့လိုမြည်ပြီးစက်နိုးသွားပါတယ်။ Engine Starting မှာဒါတွေဖြစ်တာ အဓိက ကဘက်ထရီပါပဲ။ ဘက်ထရီ ကောင်းရင် ဒါမျိုးဖြစ်စရာအကြောင်း မရှိပါဘူး။ ဓာတ်ဆီကားမှာဆို Spark ရိုက်ဖို့အတွက် ဘက်ထရီက လုပ်ပေးပြီး ဒီဇယ်မှာကျတော့ ကားအင်ဂျင်လည်ဖို့အတွက် ဘက်ထရီက စမောင်းပေးရပါတယ်။

ဒီလိုပြင်နိုင်ပါတယ် – ကားစစချင်းမှာ မနိုးဘူးဆိုရင် ဘက်ထရီကြိုးလွတ်နေလားဆိုတာ စက်ဖုံးမှာ အကြမ်းဖျင်း ကိုယ်တိုင်ဝင်စစ်နိုင်ပါတယ်။ ဒါလည်းမလွတ်ဘူးဆို ဘက်ထရီမကောင်းလို့ဆိုတာ ပထမဦးဆုံး ကောက်ချက်ချနိုင်ပါတယ်။ ဒါလည်းမဟုတ်သေးဘူးဆိုရင် အခြားအပြစ်တင်စရာများလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ဘယ်လိုမှမရနိုင်တော့ဘူးဆိုရင် ကားဘီးအူတိုင်ကို လည်စေဖို့အတွက် နောက်ကနေအကူအညီနဲ့ တွန်းခိုင်းပြီး စက်နိုးရတဲ့အဆင့်အထိကို လုပ်ရပါတော့မယ်။ ပြီးတော့မှာ Engine Starting System ပြဿနာကို ဝပ်ရှော့ ဆရာများနဲ့ ပူးပေါင်းဖြေရှင်းနိုင်ပါတယ်။

ကားမောင်းနေရင်းနဲ့ ရပ်ရင် – မောင်းနေရင်းနဲ့ရပ်တာ အဓိကအကြောင်းအရင်းက အင်ဂျင်လည်တာရပ်ခြင်းပါပဲ။ ဒါဆိုအင်ဂျင်က ဘာလို့လည်နေရင်းနဲ့ ရပ်ရလည်းဆိုတာက ရှင်းပါတယ်။ အင်ဂျင်ဆီ လမ်းကြောင်းပိတ်တယ် ဆိုတာ အကြမ်းဖျင်းသိရှိနိုင်ပါတယ်။ ဒါကအဖြစ်နိုင်ဆုံး အခြေအနေတစ်ခုကို ပြောတာပါ။ နောက်ထပ်ဖြစ်နိုင်ချေ တွေလည်းရှိနေတတ်ပါသေးတယ်။ ဘယ်လိုပြင်မလဲဆိုတော့ ဆီပိုက်ကိုပြန်စစ်ရမှာပါ။ ပြီးတော့ဆီပုံးမှာ ဆီကျန်မကျန်လည်းစစ်ရပါအုံးမယ်။ တစ်ခါခါကျဒိုင်ခွက်က အမှားပြနေတာမျိုးတို့ကလည်း ရှားရှားပါးပါး ကြုံတွေ့ ရတတ်ပါတယ်။ အင်ဂျင် ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီ လမ်းကြောင်းစနစ်တစ်ခုလုံး အမှားအယွင်းရှိမရှိ ကိုယ်တိုင်စစ်ဆေးနိုင်ပါတယ်။ ဓာတ်ဆီကားမှာဆိုရင် ကာပရိုက်တာကိုပါ စစ်ဆေးနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်စီးတဲ့မြင်းက အထီးလားအမလားဆိုတာကို သိအောင်လုပ်ရသလိုပဲ ကိုယ်စီးတဲ့ ကားရဲ့ အကြမ်းဖျင်းဖွဲ့စည်းတည်ဆောက်ပုံ၊ အတွင်းခန်းတည်ဆောက်ပုံတို့ကို သေချာလေ့လာထားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ အချက်များက Motors.com.mmမှ မျှဝေထားတဲ့ အကြမ်းဖျင်းသိထားသင့်တဲ့ ကားဗဟုသုတအချို့သာ ဖြစ်ပါတယ်။

အကယ်၍သင်ဟာ အမျိုးစားစုံလင်သော ကားမြောက်မြားစွာနှင့်အတူ ကားနှင့်ပတ်သက်သည့် အကြံပေးချက်၊ ဗဟုသုတ များကိုပါ တစ်နေရာတည်းမှာ ရှာဖွေချင်တယ်ဆိုရင်တော့ Motors.com.mm ကသင့်အတွက် အဆင်ပြေဆုံး ဝန်ဆောင်မှုပေးနိုင်မည့် နေရာလေးတစ်ခုပါ။

Leave a Reply

Your email address will not be published. Required fields are marked *