ဇွန်လ (၂)ရက်ဆိုရင် အခြေခံပညာကျောင်းတွေ ဖွင့်တော့မည်။ ဇွန်(၁၆)ရက်နေ့က ကျောင်းမှာ အစည်းအဝေး လုပ်ပြီး အတန်းတွေ ခွဲပေးသည်။ တစ်ချို့ကျောင်းတွေက အတန်းပိုင်ကို ကျောင်းအုပ်က by nameဖြင့် ချပေးသည်။ တစ်ချို့ကျောင်းတွေမှာတော့ မဲနှိုက်ရသည်။ ဒီနှစ်တော့ မဒမ်ဘအေးက ရှစ်တန်း (E) အတန်းပိုင်ရပြီး သမိုင်းဘာသာရပ်ကို သင်ရမည်။ သူမက သမိုင်းအဓိကဖြစ်ပြီး နေပြည်တော်တွင်လည်း ခြောက်နှစ်လုံးလုံး သမိုင်းသင်ခဲ့သဖြင့် ဆရာကြီးက ခုလိုတာဝန်ပေး ခြင်းဖြစ်သည်။ သမီးက အ.ထ.က(၁)ကနေ သူ့အမေကျောင်းကို ပြောင်းပြီး နဝမတန်း တက်ရမည်ဖြစ်သဖြင့် သားအမိတွေ ကျောင်းချိန် တစ်ချိန်တည်းဖြစ်အောင် ဆရာကြီးက စီစဉ်ပေးခြင်းလည်း ဖြစ်သည်။ သူမက မူလတန်း၊ အလယ်တန်း၊ ဘာသာစုံ ကျူရှင်သင်ခဲ့ဖူးသည့်အတွက် ဘယ်ဘာသာရပ် လာလာ သင်နိုင်သည်။ အခက် အခဲမရှိပါ။ ကိုယ့်ယောဘောမို့ ပြောတာ မဟုတ်ပါ။ သူမက အလုပ်လည်း လုပ်သဖြင့် ဆရာကြီးက အတန်းပိုင်ပေးခြင်း ဖြစ်သည်။ ဒီနှစ် အတန်းပိုင် လိုချင်သော မဒမ်ဘအေး၏ ဆန္ဒ ပြည့်ဝသွားပြီ ဖြစ်သည်။
မေ (၂၅)ရက်မှစ၍ ကျောင်းအပ်လက်ခံသွားမည်ဟု သိရသည်။ မေ (၂၅) မှ (၃၁)အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားသည်။ စာမေးပွဲအောင်သည့် ကျောင်းသူ၊ ကျောင်းသားများက အတန်းသစ်တက်ရမည်ဖြစ်ပြီး ကျရှုံးသူများကတော့ ယမန်နှစ်က အတန်းများတွင် ပြန်နေရမည်။ ကျောင်းသူ ကျောင်းသားများသည် ယခု အခြေခံပညာအဆင့်တွင် တစ်နှစ်တစ်တန်း အောင်အောင်တော့ ကြိုးစားသင့်သည်။ တစ်နှစ်ဆိုသောအချိန်သည် မနည်းပါ။ မိဘတွေအတွက် မိမိ၏ ကျောင်းစရိတ်၊ ကျူရှင်စရိတ်၊ မုန့်ဖိုးတို့ကိုလည်း မနည်းကုန်ခဲ့ပြီ။ မိမိလည်း အသက်တစ်နှစ်ကြီးသွားပြီး မိမိထက်ငယ်သည့် ကလေးများနှင့် တစ်ခန်းတည်း နေရတော့မည်။ ကျောင်းသူ/သားများသည် သူများထက်ညံ့တာကို ရှက်စိတ်၊ မခံချင်စိတ်တို့ ရှိသင့်သည်။
သူ့အတန်းနှင့်သူ ညံ့သည့် ကျောင်းသားများတော့ ရှိပါသည်။ ထို့ကြောင့်လည်း A, B, C, D, E, F, G ဟူ၍ အခန်းများကို ခွဲထားခြင်းဖြစ်သည်။ နောက်ဆုံးခန်းတွေက အများအားဖြင့် အညံ့တွေများသည်။ ကျောင်းသားတွေ ညံ့သည်ဟုဆိုရာဝယ် အချို့ဉာဏ်ရည်နိမ့်၍ စာမလိုက်နိုင်ခြင်း ဖြစ်သည်။ သူများတွေက တစ်ခေါက်ရှင်းပြလျှင် နားလည်သည်။ သူတို့က တစ်ခေါက်လည်းမရ နှစ်ခေါက်လည်းမရ။ အများနဲ့ဆိုတော့လည်း သူတို့ကို အချိန်ပေးပြီး မရှင်းနိုင်။ ဒီတော့ ကျူရှင်ကို သွားကြရသည်။ ကျူရှင်မှာကတော့ တစ်ဦးချင်းကို ဂရုစိုက်ပြီး သင်ပြနိုင်သည်။ ကျူရှင်ကိုဆွယ်နေခြင်း၊ ကျူရှင်ကိုအားပေးခြင်း မဟုတ်ပါ။ ဖြစ်တတ်တဲ့ သဘောတရားကို ပြောပြခြင်း ဖြစ်ပါသည်။ ထိုကလေးမျိုးက သူများထက်ပိုပြီး ကြိုးစားနိုင်မှ တန်ကာကျသည်။
မနှစ်က မဒမ်ဘအေးတို့ ခြောက်တန်းတွင် ဉာဏ်မပြည့်သည့် ကလေးတစ်ယောက်ရှိသည်။ အတန်းထဲတွင် ဆရာမ စာသင်နေချိန် သူဘာမှ လိုက်မလုပ်။ ဟိုငေး ဒီငေးနှင့်။ သူများကိုတော့ အနှောက်အယှက် မပေး။ ဒီကလေး ဘယ်လိုငါးတန်း အောင်လာသည်တော့ မသိ။ သူက မဒမ်ဘအေးနှင့် ကျူရှင်တွဲသင်သည့် ဆရာမ၏ အတန်းကဖြစ်သည်။ ကျူရှင်မှာလည်း ကျောင်းမှာလိုပဲ စာလိုက်မလုပ်။ သို့နှင့် သူ့အိမ်ကနေ စနေ၊ တနင်္ဂနွေ နှစ်ရက်မှာ သီးခြားလာသင်ပေးရန် ဆရာမများကို request လုပ်သဖြင့် ထိုနှစ်ရက်ကို အချိန်ယူပြီး သွားသင်ပေးရပြန်သည်။ မဒမ်ဘအေးက သင်္ချာနှင့်အင်္ဂလိပ် သင်ရသည်။ သင်္ချာကို မူလတန်းကလေးတွေ သင်ရသလို လက်ချောင်းတွေ ထောင်ခိုင်းပြီး အပေါင်း၊အနုတ် သင်ရသည်။ တော်တော်ကြီး စိတ်ရှည်ရှည်ထားပြီး အခေါက်ခေါက်အခါခါ သင်ရသည်။ စာကိုလည်း မရမချင်း ကျက်ခိုင်းရသည်။ ဒီလိုဆိုတော့လည်း သူခမျာ ကြိုးစားပြီး သင်ယူရှာပါသည်။ ငယ်ငယ်တုန်းက လိမ့်ကျပြီး ခေါင်းကို ထိခိုက်သွားလို့ဆိုလား မှတ်ဉာဏ် မကောင်းပဲ ဖြစ်သွားသည်။ အရပ်ကြီးကတော့ ရှည်ပြီး ကလန်ကလားနှင့်။ လူပုံကလည်း ခပ်ချောချောပဲ။ နာမည်ကလည်း အပျံစားပဲ (ကာယကံရှင်၏ ဂုဏ်သိက္ခာကို ငဲ့ကွက်ပြီး နာမည်တော့ မဖေါ်ပြတော့ပါ)။ အိမ်မှာ ထမင်းဆာသည်။ ဗိုက်ဆာသည် ဘယ်တော့မှမပြော။ ကျွေးသည့် အချိန်မှာ စားလိုက်သည်။ တစ်ခါတလေ လူကြီးတွေက မအားလို့ဖြစ်ဖြစ်၊ မေ့နေလို့ဖြစ်ဖြစ် မကျွေးသေးလျှင်လည်း ဘာမှမပြော၊ သည်အတိုင်းပဲနေသည်။ တစ်ခါတလေ သူအလိုမကျတာ ရှိရင်တော့ သောင်းကျန်းတတ်သည်။ သနားဖို့လည်း ကောင်းသည်။ အဖေက ထိုင်းမှာ အလုပ်သွားလုပ်နေသဖြင့် အမေရယ်၊ အဖွါးရယ်၊ အဒေါ်တွေနှင့် နေသည်။ အတန်းတင်စာမေးပွဲနီးမှ သူ့အမေကလည်း ထိုင်းကို လိုက်သွားသည်။ သူကလည်း ထိုင်းကို တစ်နှစ်လိုက်သွားဘူးသဖြင့် အတန်းတစ်နှစ် အောက်သွားခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် တစ်နှစ်ပတ်လုံး ဆရာမတွေ ကြိုးစားသင်ကြားမှုရယ်၊ စာမေးပွဲနီးတော့လည်း အပင်ပန်းခံပြီး စေတနာထား သင်ကြားမှုတွေက သူ့ကို ခြောက်တန်းအောင်သွားစေပြီ ဖြစ်ပါသည်။ လက်ဆယ်ချောင်းထောင်ပြီး သင်ကြားခဲ့ရတဲ့ သင်္ချာဘာသာတောင် (၅၈) မှတ်ရတယ်လို့ သိရပါသည်။ ဉာဏ်ရည် မပြည့်တဲ့သူတောင် သူ့ရဲ့ကြိုးစားမှုကြောင့် အောင်မြင်မှုရသွားပါသည်။ စာသင်ရာမှာတော့ အတော်ပဲ စိတ်ရှည်ရှည် ထားရပါ သည်။ လောလောဆယ်မှာတော့ ခုနှစ်တန်းကို ရောက်သွားပြီဖြစ်သည်။ လာမယ့် စာသင်နှစ်မှာတော့ အခြေအနေဘယ်လိုရှိဦးမယ် မသိပါ။ ကိုယ်တွေလိုပဲ ဂရုတစိုက် စိတ်ရှည်ရှည်နှင့် သင်ပြပေးနိုင်လျှင်တော့ အခြေအနေ အတန်အသင့် ကောင်းပါလိမ့်မည်။
တစ်ချို့ ကျောင်းသူ/ သားများက စာကို စိတ်မဝင်စားတာလည်း ပါသည်။ ကလေးဘဝတုန်းကတော့ ကလေးမို့လို့ အဆော့ဘက် အားသန်ပြီး ကျောင်းစာဖက်ကို အားနည်းသည်။ ဒီလိုပဲ လူးလဲလူးလဲနှင့် အောင်လာကြသည်။ အတန်းလေးတွေကြီးလာပြီး စိတ်ကစားတတ်သော အရွယ်လေးတွေ ဖြစ်လာပြန်တော့ ရည်းစားထားတာတို့ ဘာတို့ ဟိုဟိုဒီဒီ စိတ်တွေက အာရုံက များနေပြန်သည်။ ဒီလိုကလေးတွေက အများစုတော့ မဟုတ်ပါ။ အနည်းစုသာ ဖြစ်ပါသည်။ အများစုကတော့ ပညာရေးကိုသာ တိုးတက်လိုကြသူတွေ ဖြစ်ပါသည်။ ပညာသင်တုန်းအရွယ်သည် ပညာရေးကိုပဲ မျက်ခြေပြတ်မခံ လေ့လာသင်ယူနေရမည် မဟုတ်ပါလား။ မိဘတွေ၊ ဆရာတွေ၏ ထိန်းကျောင်းမှုကလည်း အရေးကြီးသည်။ ဆရာမတွေက အတန်းပိုင်ရရေး ဒို့အရေးဆိုသလိုပဲ ကျောင်းသူ/ သားတွေကလည်း တစ်နှစ်တစ်တန်း တန်းမှန်မှန်အောင်ရေး ဒို့အရေးဟု ခံယူထားရမည်။ စာမတတ်ပဲ အောင်တာမျိုးကို မဆိုလိုပါ။ ဘယ်အတန်းပဲဖြစ်ဖြစ် စာတတ်ပြီး စာမေးပွဲ အောင်တာမျိုး ဖြစ်ရပါမည်။ အချို့ကလေးတွေက ဉာဏ်ကောင်းသည်။ ဒါပေမယ့် ကျောင်းမှာပေါ့သည်။ ငါကျက်လိုက်လျှင် တစ်ခေါက်တည်းနဲ့ ရသည်ဆိုပြီး ဝီရိယ သိပ်မထား။ သူတို့က စာမေးပွဲ အောင်သွားချင်လည်း အောင်သွားလိမ့်မည်။ မြင်းကောင်းခွါလိပ်လည်း ဖြစ်တတ်သည်ပေါ့။
ဘာပဲဖြစ်ဖြစ် ၂၀၁၄-၂၀၁၅ စာသင်နှစ်ကတော့ ဇွန်(၂)ရက်ဆိုလျှင် စတော့မည်။ မေ (၂၅)ရက်မှစ၍ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး ကျောင်းအပ်နှံစဉ် အလှူငွေကောက်ခံခြင်းများ ရှိ၍ တိုင်ကြားပါက အဆိုပါ ကျောင်းကို စုံစမ်းစစ်ဆေး၍ အရေးယူသွားမည် ဖြစ်သည်ဟု သိရသည်။ သတ်မှတ်ထားသော စည်းကမ်းအတိုင်း လုပ်ရန်နှင့် စုံစမ်းစစ်ဆေးရေး လုပ်ပြီးလျှင် ပြဿနာ အတိမ်အနက်ပေါ် မူတည်ပြီး အရေးယူသွားမည်ဟု ဆိုသည်။ ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း အများစုမှာ ကျောင်းအပ်နှံရာတွင် အလှူငွေကောက်ခံခြင်း မရှိသော်လည်း အချို့ကျောင်းများတွင် အလှူငွေကောက်ခံမှုများ ရှိနေဆဲဖြစ်သည့် ကိစ္စနှင့် ပတ်သက်၍ ကျောင်းသားမိဘတစ်ဦးက “ကျောင်းပြောင်းလာတာတို့ ကျောင်းစအပ်တာမျိုးတို့ဆို နားလည်မှုနဲ့ ယူတာမျိုး ရှိတယ်။ ပြီးတော့ ကလေးကို ကျောင်းစ အပ်အပ်ချင်းမှာ မပေးရဘူး။ ကျောင်းတက်တော့မှ ဘာကြေး၊ ညာကြေးတွေ ကောက်တာမျိုးတွေ ရှိတယ်။ ဒီနှစ်တော့ ကလေးကို ပြင်ပကျောင်းမှာပဲ ထားဖို့ စိတ်ကူးထားတယ်” ဟုပြောသည်။
အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံရာတွင် (၂၀၁၃-၂၀၁၄) ပညာသင်နှစ်၌ စတင် အကောင်အထည်ဖေါ်ခဲ့သည့် အခမဲ့ မသင်မနေရ မူလတန်းနှင့် ယခုနှစ်တွင် စတင်မည့် အလယ်တန်း ပညာရေးစနစ်အရ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/ သူများအတွက် အခမဲ့ဖြစ်ပြီး အထက်တန်း အဆင့်အတွက် ကျောင်းသုံးဖတ်စာအုပ်ကြေး၊ ကျောင်းလခ၊ အားကစား၊ စာရေးကရိယာ၊ စာကြည့်တိုက်ကြေးနှင် ့မိဘဆရာအသင်းကြေးသာ ကောက်ခံသွားမည်ဟု ဆိုသည်။ (၂၀၁၄-၂၀၁၅) ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမည့် ကျောင်းသား/ သူများကို ယမန်နှစ်နည်းတူ ကျောင်းပြဌာန်း ပုံနှိပ်စာအုပ်၊ လေ့ကျင့်ခန်းစာအုပ် ခြောက်အုပ်နှင့် ငွေကျပ်တစ်ထောင်စီ ထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဘအေးတို့ ငယ်ငယ်တုန်းကတော့ မိုးကလေးတစ်ဖွဲဖွဲနှင့် ကျောင်းသွားရတာကို ပျော်သည်။ ညီအစ်ကိုမောင်နှမတစ်တွေကို အိမ်ကဦးလေး ဖိုးရှူးဆိုက်ကားနှင့် (ဦးလေးဖိုးရွှေကို မေမေတို့ခေါ်သလို လိုက်ခေါ်ခြင်း ဖြစ်သည်) လိုက်ပို့သော်လည်း လွယ်အိတ်တွေကို ဆိုက်ကားပေါ်တင်ပြီး လူတွေက ရေတွေထဲ ဆင်းလျှောက်ကြသည်။ လမ်းပေါ်ရေတင်တဲ့ နေရာတွေမှာ ရေထဲ တဖျတ်ဖျတ်လျှောက်ရတာကို ပျော်ကြသည်။ ဒါက ငယ်ငယ်တုန်းက ဖြစ်သည်။ ကြီးလာတော့ စိုစိစိုစွတ်နှင့် ကျောင်းတက်ရတာကို မပျော်တော့။ သူ့အရွယ်နဲ့ သူပေါ့လေ။ မည်သို့ပင်ဖြစ်စေ ကျောင်းဖွင့်ချိန်သည် အပူချိန်ကျဆင်းပြီး မိုးကလေး အေးအေးလေးနှင့် ဖြစ်သဖြင့်လည်းကောင်း၊ အတန်း တက်ကြရမည် ဖြစ်သဖြင့် ငါတော့ ဘယ်နှစ်တန်း ကျောင်းသားကြီး ဖြစ်တော့မည်ဟု ဝံ့ကြွားစိတ်ဖြင့်လည်းကောင်း ကျောင်းသူ/ သားများ လန်းဆန်းတက်ကြွနေမည်မှာ အမှန်ပင် ဖြစ်ပါတော့သည်။