အခုရက်ပိုင်းမှာ နေအပူရှိန်က တော်တော်ပြင်းလာတယ်။ နေ့လယ်နေ့ခင်းမှာ အပြင်ကို မထွက် ရဲလောက်အောင်ပဲ။ သက်ဆိုင်ရာကလည်း ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေမြင့်နေတယ်။ နေပူထဲ ထွက်ရင် ထီးတွေ၊ ဦးထုပ်တွေ၊ အဆောင်းအကာတွေနဲ့ ထွက်ဖို့နှိုးဆော် ထားတယ်။ လွန်ခဲ့တဲ့(၁၀)ရက် လောက် ဦးထွန်းလွင်ရဲ့ Facebook မှာ မိုးလေဝသခန့်မှန်းချက်နဲ့ပတ်သက်ပြီး နေ့အပူချိန်တွေရဲ့ အခြေအနေကို ဖော်ပြထားတာ တွေ့လိုက်ရတယ်။
နေ့အပူချိန်များဟာ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေ့အပူချိန်များဟာ ၃၅ဒီဂရီ စင်တီဂရိတ်မှ ၃၆ ဒီဂရီ စင်တီဂရိတ်ခန့်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း တို့မှာ ၃၀ဒီဂရီ စင်တီဂရိတ်မှ ၃၄ ဒီဂရီစင်တီဂရိတ်ခန့်၊ ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှာ ၂၆ဒီဂရီ စင်တီဂရိတ်မှ ၂၉ ဒီဂရီ စင်တီဂရိတ်ခန့်အထိ ရှိနိုင်ပြီး တစ်ပြည်လုံးအမြင့်ဆုံးအပူချိန်များဟာ ၁ဒီဂရီ မှ ၂ ဒီဂရီစင်တီဂရိတ်ခန့်အထိ ကျဆင်းသွားနိုင် တယ်လို့ ဆိုပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအခြေအနေနဲ့ပတ်သက်ပြီး ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အမြင့်ဆုံးတန်ဖိုးဖြစ်သော လွန်ကဲအဆင့်ရှိသည့် ၁၁ မှ ၁၂.၆ တန်ဖိုးများကို တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိ်ုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတောင်ပိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှာ ကျရောက်နိုင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှာတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ လျော့နည်းလာနိုင်တယ်လို့ သိရပါတယ်။
မြန်မာ့၁၂ရာသီစက်ဝန်းအရ တပေါင်း၊ တန်ခူး၊ ကဆုန်၊ နယုန်ဆိုတဲ့ နွေကာလကို ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ အခုစာရေးနေတဲ့ အချိန်မှာပဲ တပေါင်းလပြည့်ပြီးလို့ (၂)ရက်ကျော်ခဲ့ပါပြီ။ အင်္ဂလိပ်လနဲ့ဆိုရင်တော့ မတ်လလယ်ပေါ့။ ဆောင်းအကုန်နွေအကူး ကာလလေးဖြစ်ပါတယ်။ နေ့ပူညချမ်း တပေါင်းလ လသရမ်းလို့လည်း ဆိုပါတယ်။ ဒါပေမယ့် အခုတပေါင်းလဟာ ညမှာမချမ်း တော့ပါ။ အိုက်စပ်စပ်နဲ့ ဖြစ်နေပါတယ်။ အခုမှ နွေဦးအစပဲရှိပါသေးတယ်။ တန်ခူး၊ ကဆုန်လောက်ဆိုရင်တော့ ဘယ်လိုနေမလဲ မသိ။ ကမ္ဘာကြီးကလည်း ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုတွေရဲ့ဒဏ်ကို ကောင်းကောင်းကြီးခံနေရတာပေါ့။ မြို့ပြမြေယာတွေ တိုးချဲ့မှု၊ စက်မှုဇုန်တွေတည်ဆောက်မှု၊ စီမံကိန်း အမျိုးမျိုး အကောင်အထည်ဖေါ်မှု၊ သစ်တောတွေ အလွန်အကျွံခုတ်ထွင်မှု တွေကြောင့် သစ်တော သစ်ပင်တွေ ပြုန်းတီးကုန်ပြီး မြို့ပြလူနေမှုစနစ်က ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေကို စုပ်ယူဖို့ သစ်ပင်တွေလည်း မရှိတော့ပါ။ လွန်ခဲ့တဲ့ (၁၀)စုနှစ် ၂ ခုလောက်ကတည်းက အိုဇုန်းလွှာကြီး ပေါက်နေပြီလို့ ပြောနေကြတာ မဟုတ်လား။ အိုဇုန်းလွှာ ဆိုတာကတော့ နေကနေထုတ်လွှတ်တဲ့ လူတွေကိ ဒုက္ခပေးနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ကမ္ဘာပေါ်ကို တိုက်ရိုက်မကျရောက်အောင် ကာကွယ် ပေးတဲ့ အလွှာတစ်ခုဖြစ်ပါတယ်။ စက်ရုံတွေက ထုတ်လွှတ်တဲ့ မီးရထားတွေ၊ ကားတွေက ထုတ်လွှတ် တဲ့ အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ လေအေးပေးစက်တို့ ရေခဲသေတ္တာတို့ စတဲ့ ပစ္စည်းတွေကထုတ်လွှတ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေဟာ ကမ္ဘာကြီးတစ်ခုလုံးစုလိုက်တဲ့အခါကျတော့ အဲဒီအိုဇုန်းလွှာကြီးကို ပေါက်ပြဲစေတာပဲပေါ့။ ဒီအကြောင်းတွေ ကလည်းသိကြပြီးသားတွေပါ။
ဒီစာရေးနေတုန်းပဲ တူတော်မောင်တစ်ယောက်က ဒီနေ့ထုတ်သတင်းစာ တစ်စောင်ဝယ်လာလို့ ခဏကောက်ဖတ်မိပါတယ်။ ဒီမိုကရေစီတူဒေးသတင်းစာပါ။ ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့် ရောက်နေပြီဖြစ်သော်လည်း ယမန်နှစ်အား မကျော်လွန်နိုင်ဟု ဒေါက်တာ ထွန်းလွင်ပြော-ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ဖတ်ရပါတယ်။ ယမန်နှစ်က ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမှာ လွန်ကဲဆင့် ၁၄၊ ၁၅ အထိ ရောက်ရှိခဲ့ပြီး ယခုနှစ်တွင် အများဆုံးအနေဖြင့် အဆင့် ၁၃ မှ ၁၃.၅ အထိသာ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ (စောစောကဖေါ်ပြထားတဲ့ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကထက်တော့ များလာ ပါတယ်။) အခုလက်ရှိ အညွှန်းကိန်း ကလည်း နောက်ပိုင်းမှာ မများနိုင်တော့ကြောင်း ဒီနှစ် လေထုထဲမှာ အစိုဓါတ်တွေ၊ ရေငွေ့တွေပါဝင်နေကြောင်း အဲဒီတစ်ချက်က နည်းနည်းသက်သာရာ ရစေကြောင်း၊ ကျရောက်တဲ့ကာလက (၄)လပဲ မေလအထိပေါ့။ မိုးကျရင်သွားပြီလို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။
လက်ရှိတွင် ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးအညွှန်းကိန်းမှာ ကော့သောင်းမြို့နယ်ဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် ကျရောက်လာ နိုင်ကြောင်းနှင့် ယင်းက ဆက်လက်ပြောကြားရာမှာ “နွေက အခုအစပဲ ရှိသေးတယ်။ နောက်ပိုင်းတစ်နိုင်ငံလုံးဖြစ်လာမယ်။ အခုကော့သောင်းဆိုပေမယ့် နောက်ပိုင်း ပူတာအို တို့လည်း ပါလာမယ်၊ အတတ်နိုင်ဆုံးနေပူထဲမထွက်နဲ့၊ မထွက်လို့မဖြစ်ရင်လည်း အတတ်နိုင်ဆုံး ထီးတော့ဆောင်းကြပေါ့”လို့ ဆိုပါတယ်။ ယခုနှစ်မတ်လ (၁၅)ရက် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမှာ ကော့သောင်းတွင့် အမြင့်ဆုံးညွှန်းကိန်း ၁၃.၇အထိ ရှိကာ ထားဝယ်တွင် ၁၂.၇ ၊ မော်လမြိုင် တွင် ၁၂.၂၉ ၊ ရန်ကုန်တွင် ၁၂.၂နှင့် နေပြည်တော်တွင် ၁၁.၃ တို့ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း စွန်းဒေသများဖြစ်သော ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှလွဲ၍ တစ်ပြည်လုံးတွင် လွန်ကဲအဆင့် အညွှန်းကိန်း ၁၁ ထက် ကျော်လွန်တန်ဖိုးများ ရှိနေကြောင်း သိရပါတယ်။
တကယ်ဆိုရင် အဲဒီအညွှန်းကိန်းဟာ ကချင်နဲ့ စစ်ကိုင်းမှာ ပိုပြီးမြင့်ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖေဖေါ်ဝါရီလ လယ်ပိုင်းက ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဂျာအင်ယန် သစ်ကွင်းမှာ မှောင်ခိုသစ် တန် ၂၅၀ဝ ခန့်ကိုမြန်မာ့တပ်မတော်က ဖမ်းဆီးရမိတဲ့ သတင်းနဲ့ ဆက်စပ်ပြီး သစ်မှောင်ခိုလုပ်သူများရဲ့ ပြောပြချက်အရ ၂၀၁၁ခုနှစ်နောက်ပိုင်း ယင်းဒေသမှာ တရုတ်နိုင်ငံကို မှောင်ခိုသစ်အများအပြားတင်သွင်းခဲ့ကြောင်း၊ ယခုအချိန်တွင် ကချင်ပြည်နယ်အတွင်း အဖိုးတန်သစ်ကုန် သလောက်ပြုန်းတီးသွားပြီး တရုတ်သို့သယ်ယူနေသော သစ်များမှာ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ရှမ်းမြောက်နှင့် မန္တလေးမှ သယ်ဆောင်လာတဲ့ သစ်များဖြစ်တယ်လို့သိရပါတယ်။ ဖမ်းမိတဲ့ သစ်တွေက ကျွန်း၊ တမလန်း၊ စကားဝါနှင့်အခြားသစ်တွေဖြစ်ပြီး သစ်ပုံ(၁၃)ပုံ ၊ သစ်တင်ကား (၄၁)စီး၊ သစ်တင် ကရိန်း (၃)စီး၊ ပါဂျဲရို (၃)စီးပါ ဖမ်းမိတဲ့အတွက် ဘယ်လောက်အလုံးအရင်းနဲ့ သစ်တွေ ခိုးထုတ်နေတယ် ဆိုတာ တွေ့နိုင်ပါတယ်။ ဒီသစ်တွေကို မှောင်ခိုသမားတွေက တရုတ်ကို ခိုးထုတ်သယ်ယူဖို့လွယ်ပေမယ့် ဒီမှာတော့ မြစ်ကြီးနားသစ်တောဦးစီးကို သယ်ဖို့ လမ်းကြောမှာ တံတား(၃)စင်းက ပျက်နေပြီး ဆယ်ဘီး ကားတွေသွားလို့မရလို့ ကားကြီးသွား နိုင်အောင် လမ်းပိုင်းတွေပြင်နေရပြီး မိုးမကျခင် ပြီးအောင် လုပ်ရမယ်လို့ ဆိုပါတယ်။ အဲဒါသာကြည့်တော့ မှောင်ခိုထုတ်တဲ့လမ်းက ကောင်းနေပြီး ကိုယ့်ဆီကို ပြန်သယ်ဖို့က လမ်းမကောင်းတာနဲ့ မသယ်နိုင်သေးပါ။ နယ်စပ်တွေကနေ ဒီလိုတရားမဝင် သစ်ခိုး ထုတ်တာတွေဟာ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် အမြဲတမ်းလည်း မဖမ်းနိုင်ပါ။ လစ်ရင်လစ်သလို ထုတ်နေကြဦးမှာပဲ။ ဒီလိုတရားမဝင်လမ်းကြောင်းက ထွက်နေတာတွေ ရှိသလို တရားဝင်လမ်းကြောင်းကရော ဘယ်လောက်ထွက် နေမလဲ။ မြို့ထဲကိုထွက်လိုက်ရင် သစ်လုံးတင် ကားတွေဟာ ဥဒဟိုသွားနေတာတွေ့နေရတယ်။ သစ်တောတွေမကုန်မချင်းများ ခုတ်နေကြဦးမည်လား မသိ။
နောက်တစ်ခါ ရှမ်းပြည်နယ်က မြန်မာနိုင်ငံမှာ သတ္တုတူးဖေါ်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အများဆုံးပြည်နယ်ဖြစ် ဆိုတဲ့သတင်းတစ်ပုဒ်ကို ဖတ်ရပြန်တယ်။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ (၆)ရက်က စတင်ဖွဲ့စည်းခဲ့တဲ့ NLD အမျိုးသားသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးထွန်းထွန်းဟိန်က ပြောကြားရာမှာ ကော်မတီဖွဲ့စည်းတဲ့အချိန်ကစပြီး တိုင်ကြားစာများ ရောက်ရှိလာကြောင်း၊ သတ္တုတူးဖေါ်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ကန့်ကွက်စာတွေ လာတဲ့အခါမှာ ရှမ်းပြည်နယ်က အများဆုံးလို့ပြောလို့ရကြောင်း၊ သူက ပြည်နယ်ကျယ်တဲ့အတွက် ဖြစ်ပြီး အခြားစစ်ကိုင်းတို့လည်းပါကြောင်း၊ အများဆုံးကတော့ ကျောက်မီးသွေးတူးဖေါ်မှုတွေနဲ့ ရွှေ တူးဖေါ်မှုတွေကြောင့်ဖြစ်ကြောင်း ပြောပါတယ်။ ယင်းနဲ့ပတ်သက်ပြီး သတ္တုတွင်း ပညာရှင်တစ်ဦးက သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်မထိခိုက်ရဘူး။ အနည်းဆုံးဖြစ်ရမယ်။ နောက် သတ္တုမိုင်းတူးဖေါ်ပြီးသွားရင် မူလအနေအထားဖြစ်အောင် လုပ်ရမယ်ဆိုတာတွေက ဥပဒေတွေရှိပြီး သားပါ။ ဒါပေမယ့် လိုက်နာမှုအား တော်တော်နည်းပါတယ်လို့ပြောပါတယ်။ အဲဒီအဖွဲ့မှာ မိုးလေဝသ နဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်၊ သစ်တောပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ သတ္တုတွင်း ပညာရှင်များ၊ ရုက္ခဗေဒပညာရှင်များ အပါအဝင် နယ်ပယ်ပေါင်းစုံမှ ပညာရှင် များပါဝင်ပြီး အကြံပေးအဖြစ်ဦးတင်ဦးက နာယကအဖြစ် ဆောင်ရွက်လျက်ရှိတယ် လို့သိရပါတယ်။ ဤသတင်းမှာ ရှမ်းပြည်နယ် တောင်ကတုံးဖြစ်နေတဲ့ ပုံတွေလည်း ဖေါ်ပြထားပါတယ်။
ဒါတွေကိုကြည့်ရင် မြန်မာနိုင်ငံမှာ ဒီလိုအပူချိန်တွေမြင့်မားလာရတဲ့ တရားခံကို အထူးအထွေ ရှာစရာမလိုပါ။ မိုးလေဝသပညာရှင် ဆရာဦးထွန်းလွင်ပြောသလို မိုးကျလာရင် အပူရှိန်သက်သာ သွားမယ်ဆိုပေမယ့် ဒီလိုသစ်တော့ပြုန်းတီးမှုတွေက မိုးခေါင်မှုကို မဖြစ်စေဘူးလား။ ရာသီဥတု ဖောက်ပြန်မှုတွေဟာ ကမ္ဘာ့တစ်ဝန်းမှာ တွေ့နေရပါတယ်။ မိုးခေါင်တဲ့ဒေသတွေမှာ ရေတွေကြီး၊ မိုးများတဲ့ အရပ်တွေက မိုးခေါင်ရေရှားတွေဖြစ်၊ ဆိုင်ကလုန်းမုန်တိုင်းတွေက တိုက်နှင့် သဘာဝဘေးဒဏ် ကို ခံနေကြရပါတယ်။ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသမှာလည်း ဒီရေတောတွေ ပြုန်းတီးမှုကြောင့် နာဂစ်ကို ဒဏ်ကို အတော်ခံလိုက်ကြရတယ် မဟုတ်လား။ သစ်ပင်တစ်ပင်ကြီးပြင်းလာဖို့ ရောင်းတန်းဝင် ဖြစ်လာဖို့ဆိုတာ ဆယ့်လေးငါးနှစ် အနှစ်နှစ်ဆယ်လောက် စောင့်ရ တာပါ။ “သစ်တောသစ်ပင် ချစ်ခင်တဲ့ လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး” ဆိုတဲ့ သစ်တောဌာနရဲ့ ဆောင်ပုဒ်ရှိပါတယ်။ သစ်ပင်ကို နှစ်စဉ်စိုက်တာတောင် ဒီလောက်သစ်တွေခုတ်နေတာ အလျင်မီနိုင်ပါ့မလား။ သစ်က နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ရတာတော့ မှန်ပါတယ်။ ဒါက တရားဝင်လမ်းကြောင်းက သွားဦးမှ (တရားမဝင် သစ်ခိုးထုတ်နေတာကတော့ ပိုများနေဦးမလား မသိဘူး) တရားဝင်လမ်းကြောင်းကလည်း မှန်မှန်ကန်ကန် ရှိဦးမှ၊ ဒီတော့ နိုင်ငံခြားဝင်ငွေကို တခြားနည်းလမ်းက ပိုရအောင် ရှာပြီးတော့ သစ်ခုတ်တာတွေကို တဖြည်းဖြည်းလျှော့သွားရင် ကောင်းမယ်ထင်ပါတယ်။ ကိုယ့်အယူအဆကို ပြောတာပါ။ သစ်ကရတဲ့ ဝင်ငွေဟာလည်း နိုင်ငံ့ဘဏ္ဍာငွေထဲဝင်တာထက် လုပ်ငန်းရှင်တွေရဲ့ အိတ်ထဲကိုဝင်တာက ပိုများလိမ့်မယ် လို့ပဲထင်ပါတယ်။
ရှေးမြန်မာ့စာဆိုတွေက တပေါင်းလရဲ့ သာယာပုံကို “ရသေ့သူတော်တိုင်မှ ဉာဏ်မခိုင် ဈာန်ယိ်ုင်လို့လျှောရတယ်” လို့ ဖွဲ့ဆိုခဲ့ကြ ပါတယ်။ ရှင်ဥတ္တမကျော်ဆိုရင်လည်း “ရွှေစက်တော်သွား တောလား” မှာ လမ်းခရီးတလျှောက် တောတောင်တွေရဲ့ သာယာလှပပုံ၊ ကြည်နူးဖွယ်ကောင်းပုံတွေ ကို ဖွဲ့ဆိုခဲ့ပါတယ်။ အခုခေတ် တပေါင်းလကတော့ ပူပြင်းခြောက်သွေ့လွန်းပြီး သာယာလှပမှု ခံစားလို့ မရတော့ပါ။ ခရမ်းလွန်ရောင်ခြည်မမိအောင်လို့ပဲ သတိထားနေရပါတယ်။ မဖြစ်မနေ ကိစ္စရှိမှပဲ ထီးဆောင်း၊ ဦးထုပ်ဆောင်းပြီး ထွက်ရပါတယ်။ မဖြစ်မနေဆိုတာက ကိုယ့်စာမူကို ကွန်ပျူတာရိုက်ဖို့နဲ့ အီးမေးလ်ပို့ဖို့ရှိတဲ့အခါရယ်၊ အိမ်အတွက် ဈေးဝယ်စရာ ရှိတဲ့အခါတွေဖြစ်ပါတယ်။ အေးလေ – တကယ်တမ်းမဖြစ်မနေဘဲ နေပူထဲထွက်နေရတဲ့သူတွေရှိပါတယ်။ တလမ်းဝင်တလမ်းထွက် သွားနေရတဲ့ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်တွေ၊ လမ်းအလုပ်သမား၊ ကုန်ထမ်းအလုပ်သမားတွေ ၊ ပန်းရံသမားတွေ စသဖြင့် ကာယလုပ်သားတွေကတော့ နေပူဒဏ်ကို အမှုမထားနိုင်ပါ။ ခရမ်းလွန်ရောင်ခြည်တွေ၊ ဘာတွေ ဘေးချိတ်၊ အင်္ကျီလက်ရှည်တွေ ဝတ်၊ ခေါင်းပေါင်းပေါင်းရင်ပေါင်း၊ ဦးထုပ်ဆောင်းရင် ဆောင်းပြီး ဒီလိုပဲ မိသားစုစားဝတ်နေရေးအတွက် လုပ်နေကြရတာပါပဲ။ အဆိုတော် အေးအေးအောင် ရဲ့သီချင်းလို နေပူထဲလည်းထွက်ရဲပါတယ်ဆိုတာ သူတို့ပဲပေါ့။