အမေရိကန် ပြည်ထောင်စု မင်နီဆိုးတား ပြည်နယ် ရှိ ကင်ဆာဝေဒနာခံစားနေရတဲ့ အမျိုးသမီးတစ်ဦးက ဘော့စတွန် မာရသွန်တွင် ပန်း၀င်အောင် ပြေးရန် ပြင်ဆင်လေ့ကျင့်နေပါတယ်။ အသက် ငါးဆယ် အရွယ် Elinor Scott ဟာ မနှစ်က ပြိုင်ပွဲမှာ ပန်း၀င်လုနီးပါးရောက်ရှိခဲ့ပေမယ့် ဗုံးပေါက်ကွဲမှုကြောင့် ပြိုင်ပွဲမှ ရပ်နားခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှုမှာ လူသုံးဦးသေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။ Scott ဟာ ပန်ကရိယ ကင်ဆာ ခံစားနေရတာဖြစ်ပြီး ရောဂါအခြေအနေဟာ အဆင့် လေး ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ကျင်းပမယ့် ဘော့စတွန်မာရသွန်ပြိုင်ပွဲ ကို အားမလျှော့ဘဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Scott က လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ဘော့စတွန်မာရသွန် ကို ယှဉ်ပြိုင်နေတာဖြစ်ပြီး အဲဒီ ပြိုင်ပွဲ ကို အလွန်နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ မိတ်ဆွေ ၊ ပျော်ရွှင်မှု ၊ ကျန်းမာရေး စတာတွေအပါအဝင် Church ကျောင်းတက်ရင် ရရှိတဲ့ အရာတွေအားလုံး ကို ပြိုင်ပွဲ ကနေ ရရှိတယ်လို့ သူမ က ပြောပါတယ်။ သူမ ဟာ စတင် ယှဉ်ပြိုင်ကတည်းက ပန်း၀င်ဖို့ ရည်မှန်းချက်ထားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲမှာ သူမဟာ ပန်း၀င် ဖို့ တစ်မိုင်ရဲ့ လေးပုံပုံသုံးပုံ အကွာအဝေးကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဗုံးပေါက်ကွဲပြီး ပြိုင်ပွဲရပ်နားခဲ့တာဖြစ်ပါတယ်။ Scott က ဗုံးပေါက်ကွဲမှုကြောင့် သေဆုံး ၊ ဒဏ်ရာရ သူတွေအတွက် လွန်စွာ ထိတ်လန့် ခြောက်ခြားခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ ရည်ရွယ်ကို ဖျက်ဆီးခဲ့တဲ့အတွက် အလွန်၀မ်းနည်း စိတ်ပျက် ခဲ့ရပါတယ်။
သူမဟာ အခုအချိန်မှာလေ့ကျင့်ဖို့ အလွန်အိုမင်းနေပြီဖြစ်ပေမယ့် ရည်ရွယ်ချက်ကို ပြီးမြောက်အောင် ပြုလုပ်ဖို့စိတ်အားထက်သန်နေတုန်းပါပဲ။ ပြိုင်ပွဲမှာ နှေးကွေးစွာပဲ ပြေးနိုင်မယ်ဆိုရင်တောင် ပန်း၀င်အောင် ပြေးမယ်လို့ ပြောပါတယ်။ သူမရဲ့ မိသားစု က သူမနဲ့ အတူ ပြိုင်ပွဲမှာ လိုက်ပါမယ်လို့ သိရပါတယ်။
သူမရဲ့ သမီး က သူမ ဖြတ်ကျော်ခဲ့တဲ့ အရာအားလုံးအတွက် ဂုဏ်ယူကြောင်း ပြောဆိုပါတယ်။
Scott က (၁၁၈) ကြိမ်မြောက် ဘော့စတွန် မာရသွန် ပြိုင်ပွဲ၀င်ဖို့ ဧပြီလ (၂၁) ရက်မှာ ဘော့စတွန် ကို ရောက်ရှိမှာ ဖြစ်ပါတယ်။