News, Opinion

မျဉ်းကျား (မြင်းကျား)တွေကို တိရစ္ဆာန်ရုံသာ ပို့လိုက်တော့

မျဉ်းကျား (မြင်းကျား)တွေကိုတိရစ္ဆာန်ရုံသာပို့လိုက်တော့

ပြီးခဲ့တဲ့ စက်တင်ဘာ(၁၅)ရက်နေ့က ယာဉ်တိုက်မှုသတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ စမ်းချောင်း မဟာမြိုင်မှတ်တိုင်နားက လူကူးမျဉ်းကျားမှာ ဖြတ်ကူးတဲ့ အသက်(၆၀)အရွယ် အမျိုးသမီးကြီးတစ်ဦးကို တိုက်မိတာ။ ဟံသာဝတီအဝိုင်းဘက်က လာတဲ့ကားဟာ လူကိုတိုက်မိပြီးတော့ မောင်းပြေးသွားတာ မြေနီကုန်းမီးပွိုင့်မှာ ဖမ်းမိတယ်။

အဲဒီနေ့က လမ်းလယ်ကကွန်ကရစ်တုံးတွေနားမှာ ကားတိုက်ထားတဲ့အလောင်းကို ကတ္ထူ စက္ကူတွေနဲ့ ဖုံးအုပ်ထားတဲ့ သတင်းဓါတ်ပုံတွေပါ တွေ့လိုက်ရတယ်။ လမ်းဖြတ်ကူးတဲ့ အမျိုးသမီးကြီးဟာ ဦးခေါင်းပွင့်ထွက်၊ ယာခြေသလုံးစုတ်ပြဲ၊ ဝဲလက်မောင်းစုတ်ပြဲ ဒဏ်ရာရရှိပြီးတော့ နေရာမှာတွင် ပွဲချင်းပြီးသေဆုံးခဲ့တာ ဖြစ်ပါတယ်။ ယာဉ်မောင်းဟာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်အောက်ကိုဆင်းကာ ယာဉ်တိုက်မိတဲ့သူကို တစ်စုံတစ်ရာပြုလုပ်ပေးခြင်းမရှိပဲ ယာဉ်ကိုဆက်လက်မောင်းနှင် ထွက်ပြေးသွားခဲ့ပါတယ်။

အဲဒီပြည်လမ်းပေါ်မှာ ဟံသာဝတီအဝိုင်းဘက်ကနေ မြေနီကုန်းဘက်ကို လာတဲ့ကားတွေဟာ ဘတ်စ်ကားတွေရော ကားလေးတွေပါ အရှိန်နဲ့ မောင်းလာကြတာများတယ်။ အရင်တုန်းက စမ်းချောင်းဖျာပုံလမ်းက ညီမဆီကိုသွားတဲ့အခါ မဟာမြိုင်မှတ်တိုင်မှာဆင်းပြီး အဲဒီနေရာကနေ ကိုဘအေးလည်း ဖြတ်ကူးဘူးတယ်။လူကူးမယ်ဆိုလို့ အရှိန်လျှော့တာမဟုတ်ပါ။ ကိုယ်ကသာ ကားဆက်နည်းနည်းပြတ်တာကို ကြည့်ပြီးကူးရပါတယ်။ ရန်ကုန်မြို့က လူကူးမျဉ်းကျားတိုင်းက ဒီလိုပါပဲ။ ကားကလူကို ရပ်မစောင့်ပါ။ လူတွေကသာ ကားကိုရပ်စောင့်ရပါတယ်။ လူတွေက ကားအခြေအနေကို ကြည့်ပြီးကူးရပါတယ်။ သွားသုတ်သုတ် စားသုတ်သုတ်ဆိုတဲ့အတိုင်းပဲ တုန့်နှေး တုန့်နှေး လုပ်နေလို့ မရပါ။

အသက်အရွယ်ကြီးတဲ့သူတွေ အဖိုးအိုတွေ အဖွားအိုတွေဆိုရင် လမ်းတစ်ခါ ကူးဖို့တော်တော်နဲ့ မကူးနိုင်ပါ။ အမြင်မတော်တဲ့သူတွေက တွဲပြီးကူးမှပဲ လမ်းတစ်ဖက်ကို ရောက်ပါတယ်။ နို့မဟုတ်ရင်တော့ မဟာမြိုင်က အဖွားကြီးလိုပဲ ဖြစ်သွားနိုင်ပါတယ်။ ဆောင်းပါးတစ်ပုဒ်မှာ ရေးထားသလိုပဲ ကားပေါ်ကလူတွေက လမ်းပေါ်ကလူတွေကို မင်းတို့က ငါတို့လို ကားစီးနိုင်တဲ့လူတွေမဟုတ်ဘူးလို့ အထင်သေးတဲ့ အကြည့်နဲ့ ကြည့်သွားတာကိုလည်း ခံရပါတယ်။ ကားရပ်ပေးဖို့ နေနေသာသာ ဒီလူတွေက ရှုပ်တယ်ဆိုတဲ့ အမြင်မျိုးနဲ့ပေါ့။ ကားသမားအားလုံးတော့ မဟုတ်ပါ။ တစ်ချို့တစ်လေကတော့ ကိုယ်က မျဉ်းကျားကကူးဖို့ ဟန်ပြင်နေရင် ကားရပ်ပေးပြီးတော့ ကူးပါဆိုပြီးလက်ဟန်နဲ့ ပြတာရှိပါတယ်။ ဒီလိုလူမျိုးကတော့ ရာခိုင်နှုန်းတော်တော်နည်းပါတယ်။ ရှိတော့ ရှိတယ်၊ ရှားတယ်လို့ပြောရမှာပါ။ မျဉ်းကျားမှာလူကူးမယ်ဆိုလို့ အရှိန်လျှော့ဖို့မပြောနဲ့ ၊ ကားတွေက သူ့ထက်ငါ အလုအယက်မောင်းနေကြတာ။ အားလုံးက အရေးကြီးတဲ့သူတွေချည်းပါပဲ။

ရန်ကုန်မှာက လမ်းမကြီးတိုင်းမှာ မျဉ်းကျားမရှိပါဘူး။ မျဉ်းကျားထားမပေးပါဘူး။ လူတွေက အဆင်ပြေသလို လမ်းဖြတ်ကူးနေရတာပါ။ လမ်းတစ်ဖက်က ရှင်းရင် ဖြတ်ကူးပြီး အလယ်မျဉ်းကျားမှာရပ်နေ။ နောက်တစ်ဖက်ရှင်းရင် ဖြတ်ကူး၊ အဲဒီလိုလုပ်ရပါတယ်။ အလယ်မျဉ်းမှာ ရပ်နေရတာကလည်း တကယ်တော့ အန္တရာယ်များပါတယ်။ တစ်ဖက်ကိုမကူးခင် ကိုယ့်နောက်ဖက်က လက်ဝဲဘက်ကလာတဲ့ ကားတွေကိုလည်း သတိထားရပါတယ်။ တစ်ချို့ အခြားကားကို ကျော်တက်လာတဲ့ကားတွေ လမ်းလယ်မျဉ်းကို ခွသွားတာတွေ ရှိပါတယ်။ လက်ဝဲ လက်ယာ နှစ်ဖက်စလုံးကားရှင်းမှ ကူးရမယ်ဆိုရင် လမ်းတစ်ဖက်ကိုရောက်ဖို့ မလွယ်ပါ။ ဒါ့ကြောင့် ဒီဘက်ကရှင်းရင် ဖြတ်ကူး၊ လမ်းလယ်မှာရပ်နေ၊ ဟိုဘက်ကရှင်းတော့မှ တစ်ခါဖြတ်ကူး၊ဒီလိုပဲလုပ်ရပါတယ်။ ကိုဘအေးတို့ ငယ်ငယ်က (ငယ်ငယ်ကဆိုပေမယ့် အလုပ်တော့ ဝင်နေပါပြီ) ရန်ကုန်တက္ကသိုလ်က မြန်မာစာပါမောက္ခ ဦးကျော်မြင့်ဆိုတာ ကမာရွတ်မှာ ဒီလိုပဲလမ်းကူးဖို့ လမ်းလယ်မျဉ်းမှာ ရပ်စောင့်နေရင်းနဲ့ ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ဘူးပါတယ်။ ဒီလိုသေသွားတဲ့သူတွေလည်း နည်းမှာမဟုတ်ပါဘူး။ ကိုဘအေးတို့ဟာ လမ်းထွက်တာနဲ့ ကိုယ့်ကိုကိုယ် သရဏဂုံတင်သွားရမလို ဖြစ်နေပါတယ်။ တန်ဖိုးရှိလှတဲ့ လူ့အသက်တစ်ချောင်းဟာ မဆင်မခြင် ကားမောင်းသူတွေကြောင့် မျက်စိတစ်မှိတ် လျှပ်တစ်ပျက်အတွင်းမှာ ဆုံးရှုံးသွားနိုင်ပါတယ်။ မဟာမြိုင်ယာဉ်တိုက်မှုကို မျက်မြင်တွေ့လိုက်ရတဲ့ သူတစ်ဦးက “အဲဒီနေ့က ယာဉ်တိုက်မှုကို ကြည့်ပြီးကိုယ့်ကိုကိုယ် လုံခြုံမှုမရှိတော့သလို ခံစားရတယ်။ ဘယ်လိုတုန်းဆိုတော့ မျဉ်းကျားက ကူးတာတောင်မှ ဦးနှောက်တွေ မြင်လို့ မကောင်းဘူး။ အပြင်ထွက်ကုန်တာ လူကူးခုံးကျော်တံတားက ကူးဖို့လဲ လူကူးခုံးကျော်တံတားက မြို့ထဲမှာခပ်ရှားရှားရယ်။ ယာဉ်မောင်းတွေအနေနဲ့ ယာဉ်ကို ဆင်ဆင်ခြင်ခြင်မောင်းဖို့ သက်ဆိုင်ရာအဖွဲအစည်းက ဆောင်ရွက်ဖို့လိုနေပြီလို့ ကျွန်တော် မြင်ပါတယ်” လို့ ပြောပါတယ်။

အဲဒီတုန်းက တိုက်သွားတဲ့ကားဟာ စူပါကာစတန်ဖြစ်ပြီး ကလေးကျောင်းကြိုဖို့ အလာမှာ ယာဉ်တိုက်မှုဖြစ်တာ ဖြစ်ပါတယ်။ ညနေ ၄နာရီ ၂၀လောက်ရှိပြီ။ ယာဉ်မောင်းကို တိုက်ပြေးယာဉ်မောင်းအဖြစ် သတ်မှတ်ပြီး ရာသက်ပန်လိုင်စင် ပိတ်သိမ်းအရေးယူဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရတယ်လို့ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒု-ရဲမှူးတစ်ဦးက ပြောတယ်လို့ ဆိုပါတယ်။

“ယာဉ်တိုက်မှုဖြစ်ပွားတဲ့အခါမှာ ယာဉ်မောင်းအနေနဲ့ အတိုက်ခံရတဲ့သူကို ဆင်းမကြည့်ပဲ ဆက်မောင်းသွားရင်သော်လည်းကောင်း၊ အတိုက်ခံရတဲ့သူက ဒဏ်ရာရရှိခဲ့ရင် သက်ဆိုင်ရာဆေးခန်း၊ ဆေးရုံကို လိုက်ပို့မပေးရင်သော်လည်းကောင်း စတဲ့အချက်တွေကို ယာဉ်မောင်းက တာဝန်မယူဘဲ ပျက်ကွက်ခဲ့လျှင် သူ့ကို တိုက်ပြေးယာဉ်မောင်းလို့ သတ်မှတ်လို့ရတယ်”လို့ ၄င်းက ပြောပါတယ်။ယာဉ်မတော်တဆမှုများမှာ ယာဉ်မောင်းတွေဟာ မိမိတို့ကြောင့်ဖြစ်တဲ့ မတော်တဆမှုတွေကို တာဝန်ယူမှုမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရင် အဲဒီယာဉ်မောင်းရဲ့ ယာဉ်မောင်းလိုင်စင်ကို ကညနမှ ယာဉ်မောင်းလိုင်စင်စာရင်းထဲမှာ ပယ်ဖျက်ကာ ရာသက်ပန်လိုင်စင် ပိတ်သိမ်းအရေးယူသွားဖို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်(၂၃)ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းညွှန်ကြားချက်ကို ဇူလိုင်(၂၆)ရက်တွင် စတင်ကာ ယာဉ်ထိန်းရဲတပ်ဖွဲ့များနဲ့ အကောင် အထည်ဖော် ဖမ်းဆီးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မှာ လူကူးမျဉ်းကျားရှိတာ မြို့ထဲနဲ့ ကမ္ဘာအေးဘုရားလမ်းမကြီး၊ ပြည်လမ်းမကြီး၊ အင်းစိန်လမ်းလမ်းမကြီးစတဲ့ လမ်းမကြီးတွေမှာလောက်ပဲ ရှိပါတယ်။ ကိုဘအေးတို့ သာကေတ ရှုခင်းသာလမ်းမကြီးမှာတောင် ရှုခင်းသာပန်းခြံရှေ့ တစ်နေရာလောက်ပဲ မျဉ်းကျားရှိတယ်လို့ ထင်တယ်။ ရှုခင်းသာလမ်းမကြီးက ရှည်ပါတယ်။ အခုဆို ကွန်ကရစ်လမ်းခင်းထားပြီးတော့ လမ်းမကြီးက ကျယ်သွားတယ်။ ကားအသွားအလာများတဲ့ လမ်းမကြီးတစ်ခုပါ။ သင့်လျော်ရာနေရာမှာ မျဉ်းကျားတွေ ထားပေးသင့်ပါတယ်။ မင်းနန္ဒာလမ်းမကြီးဆိုရင်လည်း ကားအသွားအလာများတယ်။ (၁) ဈေးကွေ့မှာပဲ မီးပွိုင့်တစ်ခုရှိတယ်။ ဒါတောင် မီးပွိုင့်ထားတာ သိပ်မကြာသေးဘူး။ လိုင်းကားတွေလည်း အသွားအလာများတယ်။ ကိုဘအေးသမီးကို ဒေါပုံထဲက ကျူရှင်ကိုပို့ပြီးရင် အဲဒီဈေးကွေ့က အင်ပါယာ လဘက်ရည်ဆိုင်မှာထိုင်ပြီး ပြန်ကြိုချိန်အထိ အချိန်ဖြုန်းလေ့ရှိပါတယ်။ အဲဒီမှာ ကားတွေသွားတာထိုင်ကြည့်နေရင်း ကားကြီးကားငယ် အသွယ်သွယ်ဟာ အဆက်ပြတ်တယ်လို့ မရှိပါ။ ဒီမီးပွိုင့်မှာလည်း ကားလမ်းကူးဖို့ အတော်စောင့်ရပါတယ်။ မီးပွိုင့်က နီနေပေမယ့် မြောက်ဘက်ကလာတဲ့ ကားတွေအတွက် Free way တစ်ခုပေးထားတော့ ကားဆက်ပြတ်မှ ကူးလို့ရပါတယ်။ လျင်တဲ့သူတွေကတော့ ကားတစ်စီးနဲ့ တစ်စီးနည်းနည်းခြားသွားရင် ဖြတ်ကူးကြပါတယ်။ သတိတော့ ထားကြရတာပဲ။ ဒီမင်းနန္ဒာလမ်းမကြီးမှာလည်း မျဉ်းကျားတွေ ထားပေးသင့်ပါတယ်။ တစ်ခြားနေရာတွေမဟုတ်တောင် ကျောင်းတွေရှေ့မှာတော့ ထားပေးသင့်ပါတယ်။

လူကူးမျဉ်းကျားနဲ့ ပတ်သက်ပြီးတော့ ယာဉ်မောင်းတွေ လိုက်နာရမယ့် သတ်မှတ်ချက်ရှိပါတယ်။ ယာဉ်မောင်းတွေဟာ လူကူးမျဉ်းကျားနဲ့ ၁၇ပေ အကွာအရောက်မှာ မိမိမောင်းနှင်လာတဲ့ ယာဉ်ရဲ့အရှိန်ကို လျှော့ပေးရမှာဖြစ်ပြီး လမ်းကူးတဲ့သူတွေ ရှင်းသွားမှသာ ယာဉ်ကိုဆက်လက်မောင်းနှင်ရမယ်ဆိုတဲ့ ဥပဒေတစ်ခုရှိပါတယ်။ ဒါပေမယ့် ယာဉ်မောင်းတွေ အနေနဲ့ ဒီနေ့ ဒီအချိန်ထိ အဲဒီသတ်မှတ်ချက်ကို လိုက်နာမှုမရှိသေးတာ တွေ့ရပါတယ်။

လူတွေလမ်းဖြတ်ကူးရတာနဲ့ ပတ်သက်ပြီးတော့ မောင်သာချိုရေးတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ဖူးတယ်။ အဲဒီအထဲမှာ နုနုရည်(အင်းဝ)ပြောတဲ့ လန်ဒန်မြို့တော်မှာ လမ်းသွားတဲ့သူတွေ လမ်းဖြတ်ကူးတော့မယ်ဆိုရင် အနားကခလုပ် တစ်ခုနှိပ်လိုက်တာနဲ့ သွားနေတဲ့ကားတွေက ဝေါကနဲ ထိုးရပ်သွားတဲ့အကြောင်း၊ စင်္ကာပူမှာ သူ့မိတ်ဆွေတစ်ယောက်ဟာ ည(၁၂)နာရီလောက်မှာ မျဉ်းကျားက နေလမ်းဖြတ်ကူးမလို့ စောင့်နေတုန်း အဲဒီအချိန်က လမ်းပေါ်မှ တစ်စီးတည်းရှိတဲ့ကားက ရပ်ပေးပြီး လမ်းကူးဖို့ လက်ဟန်နဲ့ပြတယ်၊ ကိုယ်ကူးပြီးမှ သူကဆက်မောင်းသွားတယ် ဆိုတဲ့အကြောင်း၊ ဂျပန်မှာလည်း လမ်းသွားလမ်းလာတွေ မျဉ်းကျားကနေကူးဖို့ ဟန်ပြင်တာနဲ့ ကားတွေအားလုံးက ရပ်ပေးတဲ့အကြောင်း (ဒီမှာတော့ မျဉ်းကျားမှာရပ်ပေးတဲ့ကားက ရပ်ပေးတယ်။ မရပ်တဲ့ကားက မရပ်ဘူး။ မရပ်ပေးတာ များပါတယ်။ ယာဉ်ထိ်န်းက တားပေးမှပဲ ကားအားလုံးရပ်တာ)။ ပြောရရင်တော့ သူတို့ဆီမှာ လူကိုလူလို့ တန်ဖိုးထားတဲ့ အကြောင်းတွေပဲ။

မှန်ပါတယ်။

လူကိုလူလို တန်ဖိုးထားလို့သာ ဒီလိုလမ်းဖြတ်ကူးမယ့်သူတွေကို ကားတွေက တလေးတစား ရပ်ပေးကြတာပေါ့နော်။ တစ်ခြားနေရာတွေမှာလည်း ဒီလိုဦးစားပေးမှုတွေ ရှိကြပါတယ်။ ဒီမှာကတော့ ဒီလိုမဟုတ်ပါ။ ကိုယ့်အသိုင်းအဝိုင်းကလွဲရင် ကျန်တဲ့လူတွေကို လူလို့မမှတ်ကြပါ။ အဲဒီတော့ လူကိုလူလို တန်ဖိုးထားရကောင်းမှန်းမသိပါ။ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေဆိုတဲ့ မေတ္တာတရားတွေလည်း မရှိတော့ပါ။ လူကိုခွေးတစ်ကောင် ကြောင်တစ်မြီးလောက်တောင် မထင်တော့တဲ့အတွက် တိုက်စရာရှိလည်း တိုက်ပစ်လိုက်မယ်၊ ပြီးရင် လူမသိရင် ရှောင်လို့ရရင် ရှောင်လိုက်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုးတွေပဲ ရှိပါတော့တယ်။ ဒါတွေကစည်းကမ်းတကျနဲ့ ထိန်းသိမ်းမယ်၊ အရေးယူမယ်ဆိုရင် နောင်မှာ အလေ့အထတစ်ခု ဖြစ်လာပါမယ်။ စိတ်ဓါတ်တွေလည်း ပြောင်းလဲသွားပါမယ်။

ဒီလိုမှ မဟုတ်ရင်တော့ စောစောကပြောတဲ့ မျဉ်းကျားတွေထားဖို့ ကိစ္စလည်းမထားနဲ့တော့။ ရှိတဲ့ မျဉ်းကျား(မြင်းကျား)တွေကိုလည်းတိရစ္ဆာန်ရုံကိုသာ ပို့လိုက်ပါတော့လို့….။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *