တူနှစ်ကိုယ် တဲအိုပျက်မှာနေရ၊ ရွှေဘုံပေါ်မှာစံရ၊ ချစ်တာချစ်တာ ပဓါနလို့ ဆိုချင်ပါတယ် မောင်ရယ်……
ချစ်တာချစ်တာ ပဓါနလို့ ဆိုချင်ပါတယ် မောင်ရယ်….
ဒီတစ်ခါလည်းလာပြန်ပြီ၊ ကိုဘအေးက ရွှေပြည်အေးအလွမ်းပြေဆိုပြီး စီးရီးတွေ ဘာတွေ ထုတ်ဦးမလို့လားမသိဘူးလို့ ပြောချင် မစောပါနဲ့ဦးနော်။
တနင်္ဂနွေနေ့ တစ်နေ့မှာ ဈေးကအပြန် ကိုဘအေးဆံပင်ဝင်ညှပ်ပါတယ်။ အဲဒီနေ့က ဥပုသ်နေ့ဆိုပေမယ့် ကိုယ်ကဥပုသ်လည်း စောင့်မထားဘူး။ အဆင်းလည်းသင့်တာနဲ့ ဝင်ညှပ်လိုက်တာ။ ဆံပင်ညှပ်ဆိုင်က တနင်္လာနေ့ ပိတ်တယ်ပြောတယ်။ ကျန်တဲ့နေ့တွေကျတော့လည်း ကိုယ်ကမအားဘူး။ ကိုယ့်ဟာနဲ့ကိုယ် အလုပ်ရှုပ်နေတာ။
အဲဒီနေ့က ဆံပင်ဝင်ညှပ်ရင်းနဲ့ ဆံသဆရာလေးနဲ့ ဆံပင်မညှပ်ပဲ ဆိုင်မှာလာထိုင်နေတဲ့ ဧည့်သည်အမျိုးသားတစ်ယောက်တို့ စကားပြောနေတာကြားလို့ မာမာအေးရဲ့ အထက်ပါ “ချစ်တာပဓါန” သီချင်းလေးကိုသွားပြီး သတိရမိတာပါ။ (ဒီနေရာမှာ သတိထားမိတာတစ်ခုက ဧည့်သည်အမျိုးသားက လွတ်နေတဲ့ ဆံပင်ညှပ်ခုံမှာ ဝင်ထိုင်နေတာ။ တစ်ချို့ဆံပင်ညှပ်ဆိုင်တွေက အဲဒီလို ဝင်ထိုင်နေတာ မကြိုက်ဘူး။ အခုဆံသဆရာလေးကတော့ ဘာမှမပြောဘူး အယူမရှိလို့လည်း နေမှာပေါ့နော်)
ဧည့်သည် အမျိုးသားက အသက်(၃၀)ဝန်းကျင်လောက်ရှိပြီ ထင်ပါတယ်။ သူတို့ ပြောနေတဲ့ စကားအရ သူကနေ့စားအလုပ်သမားတစ်ယောက် ဖြစ်ဟန်တူတယ်။ ဆံသဆရာလေးက “ခင်ဗျားဒီနေ့ အလုပ်မသွားတော့ ပိုက်ဆံမရဘူးပေါ့” လို့ ပြောနေသံကြားလို့ပါ။ အဲဒီလူက “အေးဗျာ အဲဒါကြောင့် မိန်းမနဲ့ ကွိုင်တက်နေတာပေါ့” လို့ ပြန်ပြောသံကြားရတယ်။
“ခင်ဗျား အလုပ်မဆင်းလို့ ပိုက်ဆံမရတော့ မိန်းမကဘယ်ကြည်မလဲ။”
“အဲဒါ ပြောတာပေါ့။ မိန်းမတွေက ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံနဲ့ မြည်နေတာ”
“ဒီလိုတော့ မပြောနဲ့ဗျ။ ပိုက်ဆံမရှိရင် ခါနာကမလာဘူးလေ။ ကလေးတွေ ကျောင်းစရိတ်ကလည်း ရှိသေးတယ်မဟုတ်လား”
“အဲဒါတွေကြောင့် စိတ်ညစ်တာပေါ့ဗျာ”
“မိန်းမယူခင်တုန်းကတော့ ခင်ဗျားအဲဒါတွေ မစဉ်းစားဘူးလား။ ကျွန်တော်တောင် အဲဒီလိုစိတ်ညစ်မခံချင်လို့ ခုထိ လူပျိုကြီးလုပ်နေတာပေါ့ဗျ”
ဆံသဆရာလေးနဲ့ ဧည့်သည်အမျိုးသားတို့ရဲ့ အပြန်အလှန်ပြောနေတာကို ဆံပင် အညှပ်ခံနေရင်းနဲ့ ကိုဘအေး နားထောင်နေမိတယ်။ ဆံပင်ညှပ်ပြီးတော့ ကိုဘအေးက ဆေးဆက်ဆိုးတော့ သူတို့ ဒဿနတွေကို ဆက်ပြီးကြားနေရပြန်တယ်။ ဧည့်သည် အမျိုးသားကဆက်ပြောတယ်။
“မိန်းမယူတုန်းကတော့ ဒီနောက်ဆက်တွဲကိစ္စတွေ ဘယ်တွေးမိမလဲဗျ။ မွှန်နေတာကိုး။ အချစ်စိတ်က မွှန်နေတော့ ဒီအချိန်မှာ စိန်ဝင်းထွန်းရဲ့ သီချင်းလို မဲမဲကြီးလည်းယူမှာပဲ။ ကုလားမကြီးလည်း ယူမှာပဲဆိုတာမျိုး ဖြစ်နေတာလေ။”
“အေးလေ၊ ခုမှတော့ နောင်တရနေလို့ ဘယ်ဖြစ်မလဲ။ အိမ်ထောင်မှု ဘုရားတည်၊ဆေးမင်ရည် စုတ်ထိုး၊ ဤသုံးခု ချက်မပိုင်လျှင်၊ နောင်ပြင်ရန် ခက်သည့်အမျိုးလို့ ဆိုပါတယ်မဟုတ်လားဗျ။”
“ဟုတ်ပါတယ် ပညာရှိကြီးရယ်၊ မင်းကတော့ ပြောအားရှိတာပေါ့။”
“ကျွန်တော်လည်း အိမ်ထောင်မပြုဘူးတော့ မဟုတ်ပါဘူး။ ကျွန်တော်လည်း (၂၉)နှစ်ရှိပါပြီ။ မထင်ရဘူးမဟုတ်လား။”
ဆံသဆရာလေးက ဖြူဖြူသွယ်သွယ် ဆံပင်ရှည်ရှည်နဲ့ ရုပ်ကလေးကလည်းနုတော့ သုံးဆယ်လောက်တော့ မထင်ရဘူး။ သူကလည်း သူ့ကိုယ်သူနုတဲ့အကြောင်း ကြွားရင်း သူ့ရဲ့အိမ်ထောင်ရေးဒဿနကို ဆက်တယ်။
“ကျွန်တော်က ရွေးနေတာ။ ကျွန်တော်စိတ်တိုင်းကျတဲ့သူမှ ယူမယ်”
“အေး- လင်စံရွေးလင်ခွေးနဲ့ညားဆိုတာမျိုးလည်း ဖြစ်နေဦးမယ်”
“ကျွန်တော်ကတော့ စိတ်ကြိုက်မတွေ့ရင် မယူဘူး။ ဝယ်စားလို့ရတယ်၊ ဆယ့်ခြောက်နှစ် ကြိုက်လား၊ ဆယ့်ရှစ်နှစ်ကြိုက်လား”
ကိုဘအေးက အဲဒီအယူအဆကိုတော့ မနှစ်သက်ဘူး။ ဝယ်စားတာကိုတော့ အပြစ်မပြောလိုပါဘူး(ဒါတောင် သတိမထားရင် မထားသလိုရောဂါရနိုင်တဲ့ ကိစ္စမို့လို့ အားတော့ မပေးချင်ဘူး)ဒါပေမယ့် အသက်မပြည့်သေးတဲ့ အရွယ်တွေကို စဉ်စားတာတော့ သိပ်မမိုက်ဘူး။ အိမ်ထောင် ကျမယ် မကျဘူးဆိုတာကလည်း ကံက ပါပြီးသားဗျ။ အိမ်ထောင် မပြုတော့ပါဘူးလို့ အော်နေလည်း အချိန်တန်ရင် ပြုရင်ပြုရတယ်။ ကိုယ်ကြိုက်တာတွေ့လိုပဲ ဖြစ်ဖြစ်။ လူကြီးမိဘတွေ နေရာချပေးလို့ပဲဖြစ်ဖြစ်ပေါ့။ တချို့ရှိကြတယ်။ ငယ်ရွယ်တုန်းမှာ ရည်းစားသနာတွေဖြစ်ကြပြီးတော့ သုံးနှစ်သုံးမိုးမကအောင် ချစ်ကြပြီးတော့မှ အကြောင်းတစ်စုံတစ်ခုကြောင့် ကွဲသွားကြပြီး နှစ်ယောက်စလုံး အသက်တွေကြီးသွားတဲ့အထိ အိမ်ထောင်မပြုကြတော့ပဲ နေသွားကြတာရှိသလို ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ တစ်ဦးဦးက အိမ်ထောင်ပြုသွားပြီး ကျန်တစ်ဦးက တစ်ကိုယ်တည်း အသက်ထက်ဆုံး နေသွားကြတာလည်း ရှိကြပါတယ်။
ချစ်တိုင်းမညားဆိုတဲ့အတိုင်း ဘယ်လိုပင် အသဲနင့်အောင် ချစ်ကြပေမယ့် ဖူးစာကံမပါတဲ့ အခါကျတော့ ကွဲကွာသွားကြပြီး အသီးသီးကိုယ့်ဟာနဲ့ကိုယ် အိမ်ထောင်တွေကျသွားကြတာတွေလည်း ရှိကြပါတယ်။ တချို့ကလည်း နှစ်ဦးစုံမက်ကြလို့ လက်ထပ်ကြပြီးတော့ စလယ်ဝင် ဖင်မမဲခင်ကပဲ ကွဲကြတာရှိသလို အိမ်ထောင်သက်တွေရပြီး သားတွေ သမီးတွေကြီးမှ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ဆိုပြီး လင်မယားကွဲကြတာတွေလည်း တွေ့ဖူးပါတယ်။ ဘာပဲပြောပြော ဒီလိုချစ်ကြတယ် ကွဲကြတယ် ဆိုတာ လူကြောင့်လည်း ဖြစ်သလို ကံကလည်း ပါလာလို့ ဖြစ်တာပါ။ အချို့ဆိုရင် လင်မယားတစ်သက်လုံး စကားမပြောပဲနဲ့ သေတဲ့အထိ ပေါင်းလာခဲ့ကြသူတွေကလည်း ရှိပါတယ်။ လင်ရယ် မယားရယ်လို့ ဖြစ်လာရင်လည်း စိတ်သဘောချင်း တိုက်ဆိုင်မှု ညှိနှိုင်းရယူနိုင်မှုရှိမှ ကောင်းပါတယ်။
အိမ်ထောင်တစ်ခုမှာ စီးပွားရေးကလည်း အဓိကကျပါတယ်။ စားဝတ်နေရေး မပြည့်စုံပဲနဲ့တော့ စိတ်မကူးပါနဲ့။ ငွေရေးကြေးရေး အဆင်မပြေရင် အိမ်ထောင်ရေးလည်း အဆင်မပြေဖို့ မလွယ်ပါ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရနေရ၊ ထမင်းရည် အတူလျက်ရစေတော့ဆိုတာ အချစ်ကိုတင်စားတဲ့ စိတ်ကူးယဉ်ဆန်တဲ့ စကားတွေဖြစ်ပါတယ်။ ထမင်းရည်ကို ဘယ်နှစ်ရက်သောက်ပြီး နေနိုင်မလဲ။ တဲအိုပျက်မှာလည်း ဘယ်လောက်နေနိုင်မလဲ။ လက်တွေ့မှာတော့ မခံစားနိုင်ပါ စောစောက ဆံသဆရာလေးရဲ့ မိတ်ဆွေ အမျိုးသားဟာ အလုပ်မဆင်းတဲ့အတွက် နေ့တွက် လုပ်ခမရဘူး။ ဒီတော့ ဈေးဖိုးမပေးနိုင်တဲ့အတွက် မိန်းမကပူညံပူညံလုပ်။ ဒါနဲ့ပဲ အိမ်ကထွက်ခဲ့ပြီး ဆံပင်ညှပ်ဆိုင်မှာ လာထိုင်နေတာ။ သူ့ကြည့်ရတာလည်း နေမကောင်းလို့ အလုပ်မဆင်းတဲ့ပုံ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာလာထိုင်ပြီး လေလာပေါနေနိုင်သေးတာ မဟုတ်လား။ ပျင်းပြီး သက်သက် အလုပ်မသွားတာပဲနေမှာ။ နေ့စားအလုပ်သမားတစ်ယောက်ဟာ တော်ရုံတန်ရုံ နေမကောင်းတာတောင် ဆေးသောက်ပြီး အလုပ်ဆင်းကြရတာပါ။ တစ်နေ့မဆင်းရင် တစ်နေ့ဝင်ငွေမရှိပါ။ ထမင်းက နေ့တိုင်းစားနေရတာ။ ကိုယ်တွေ လူကြီးတွေက နေနိုင်တယ်ထား။ ကလေးတွေက မနေနိုင်ပါ။ ချစ်စခင်စ ကြင်နာစတုန်းကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း မတင်းတိမ်သေးတယ် ထမင်းမြိန်ဆေးသဖွယ်တို့၊ တစ်နေကုန်ထိုင်ပြီး တစ်စိမ့်စိမ့်ကြည့်တို့ လုပ်နိုင်သေးတယ်။ အဆွယ်အပွါးလေးတွေ ရလာတဲ့အခါကျတော့ တစ်ယောက်မျက်နှာ တစ်ယောက်ထိုင်မကြည့်နေနိုင်တော့ပါ။ ရှင်က ရှင်ဘာသာရှင် ပျင်းကြောထူပြီး အလုပ်မသွားတာက ကိစ္စမရှိဘူး။ ကျုပ်တို့ သားအမိတွေက ဘာနဲ့သွားပြီး မျိုဆို့ရမှာလည်း ဖြစ်ကုန်ရော။ ပြည့်စုံတဲ့ သူတွေကိုတော့ မပြောပါဘူး။ အောက်ခြေလူတန်းစားတွေရဲ့အဖြစ်ကို ပြောတာပါ။
အိမ်ထောင်တစ်ခု ထူထောင်ပြီဆိုရင် စားဝတ်နေရေးပြည့်စုံမှပဲ ကောင်းပါတယ်။ အဘက်ဘက်ကပေါ့။ ဟိုဟာလို ဒီဟာလိုဆိုရင် မကောင်းဘူး။ အချစ်မှာ မျက်စိမရှိဆိုပြီး ဘာမှ မစဉ်းစားပဲ ယူလိုက်ကြပြီး ဒုက္ခရောက်ကြရတာလည်း ရှိတယ်မဟုတ်လား။ နေရေးစားရေး အဆင်မပြေရင် အဲဒီအိမ်ထောင်ရေးဟာ သာယာမည်မဟုတ်ပါ။ ယောကျားကကိုယ့်အိမ်ထောင်အတွက် လုံလောက်အောင် ရှာနိုင်တယ်ဆိုရင် မိန်းမက အိမ်ထောင်ထိန်းသိမ်းမှု လုပ်ပေါ့။ နို့မဟုတ်ရင်တော့ ယောကျာ်းရောမိန်းမရော ရှာကြရပါလိမ့်မယ်။ တချို့ပြည့်စုံတဲ့သူတွေတောင် ယောကျာ်းရော မိန်းမရော အလုပ်လုပ်ကြပါတယ်။ သူ့အဆင့်အတန်းနဲ့သူ သုံးနိုင်အောင် ငွေရှာကြရတာပဲ။
ဒါ့ကြောင့် တူနှစ်ကိုယ် တဲအိုပျက်မှာနေရ ချစ်တာပဓာနပါ ဆိုတဲ့စကားကတော့ နားဝင်ချို လှပါတယ်။ ဒါပေမယ့် နားဝင်ချိုရုံနဲ့ ဘဝမှာ မပြီးပါ။ ပါး(စပ်)ဝင်ချိုမှလည်း ဖြစ်မယ်ဆိုတဲ့ အကြောင်း တူနှစ်ကိုယ် တိုင်းပြည်တည်ချင်တဲ့ သူတွေအတွက် စကားလက်ဆောင် ပါးလိုက်ရပါတယ်။