News, Opinion

ကျူရှင်ဘယ်လဲ၊ ဘာလဲ

ကျူရှင်ဘယ်လဲ၊ ဘာလဲ

အဲဒီသတင်းဖတ်လိုက်ရတာ နှစ်ပတ်ကျော်ကျော်လောက်တော့ ရှိသွားပါပြီ။ ဆရာ၊ဆရာမ တွေအနေနဲ့ မိမိကျောင်းက၊ မိမိအတန်းက ကျောင်းသားတွေကို ကျူရှင်သင်ကြားခွင့် မပြုတော့ဘဲ ဆန္ဒရှိပါက အခြားကျောင်းမှ ကျောင်းသားများကိုသာ သင်ကြားခွင့်ပြုရန် ဥပဒေမှာ ထည့်သွင်းရေး ဆွဲပြဌာန်းနိုင်ဖို့ ဆွေးနွေးနေတယ်ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ ကျူရှင်စနစ်ကို သီးခြားဥပဒေ တစ်ရပ် ရေးဆွဲကျင့်သုံးနိုင်မှသာ ဆရာ၊ ဆရာမများ၏ အဂတိလိုက်စားမှုနှင့် ဘက်လိုက်မှုများ ပပျောက်မည်ဟု ပညာရေးလေ့လာသူတချို့ဆို…..ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့လို့ ထင်ပါတယ်။ အခြေခံပညာ ဆရာ၊ ဆရာမတွေ ကျူရှင်သင်ကြားတာနဲ့ ပတ်သက်လို့ (အဆင့်မြင့်ပညာ ဆရာ၊ ဆရာမတွေလည်း ကျူရှင်သင်ကြပါတယ်။) မကောင်းမြင်ဘက်က အမျိုးမျိုးအဖုံဖုံ ပြောဆိုရေးသား နေကြတာတွေ့ရပါတယ်။ ကိုယ်တိုင်လည်း ကျူရှင်နဲ့ပတ်သက်ပြီး ဆောင်းပါးရေးဖူးပါတယ်။ တစ်ဖက်သက်အမြင်နဲ့ မဟုတ်ပဲ ကျူရှင်တွေ ဘာကြောင့်ရှိနေတာလဲဆိုတာ သုံးသပ်ထားတာပါ။ အခုလည်း မိမိကျောင်းက၊ မိမိအတန်းက ကျောင်းသားကို ကျူရှင်သင်ခွင့်မပြုဘူးဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ဘဝင်မကျမိလို့ ထပ်ပြီးရေးလိုက်ရတာပါ။

အရင်ဆုံး အဲဒီသတင်းနဲ့ပတ်သက်ပြီး မှတ်မိသမျှလေး ပြန်လည်တင်ပြပါမယ်။ အခု လဆန်းမှာ ကျင်းပခဲ့တဲ့ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း အတွဲ(၂) အစီရင်ခံစာ (မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲမှာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆရာ၊ ဆရာမများအနေနဲ့ အားလပ်ချိန်မှာ အပိုဝင်ငွေရှာနိုင်ဖို့ ကျူရှင်တရားဝင် သင်ကြားခွင့် ပြုလိုက်ပါက အဂတိလိုက်စားမှုများနဲ့ ဘက်လိုက်မှုများ ပပျောက်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ပညာရေးဝန်ကြီးက အမျိုးသမီးလည်းဖြစ်လို့ ကိုယ်ချင်းစာစိတ်နဲ့ ပြောတာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုပြောတဲ့အပေါ် မြန်မာ့ပညာရေး လေ့လာသူတစ်ဦးက ကျူရှင်စနစ်အတွက် တရားဝင် ဥပဒေသစ် ပြဌာန်းလိုက်မှ ဤကိစ္စများရှင်းသွားမှာ ဖြစ်ကြောင်း၊ ကိုယ့်ကျောင်းသားကိုပဲ ပြန်သင်နေ လို့ကတော့ ကျူရှင်တက်သော ကလေးက မျက်နှာရပြီး ကျူရှင်မတက်သောကလေးက ဖိနှိပ်ခြင်း၊ ခွဲခြားခြင်း ခံနေရဦးမှာပဲဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

အဲဒီလိုဆရာမတွေ မရှိဘူးလို့တော့ မပြောလိုပါဘူး။ ရှိပါတယ်။ ကြားလည်းကြားပါတယ်။ နောက်ပြီးတော့ ကျောင်းမှာ စာကောင်းကောင်း မသင်ဘူးဆိုတဲ့ ဆရာမတွေလည်း ရှိပါတယ်။ ကျောင်းသားတွေကို စာကျက်ခိုင်းထားပြီး ဘာမှရှင်းပြ ပြောပြတာမျိုးမလုပ်ပဲ သူကထိုင်နေတဲ့ ဆရာမမျိုးပေါ့။ ဒါကလည်း ကျောင်းသားတွေ ပြန်ပြောပြလို့ သိရတာပါ။ ဒါမျိုးကတော့ မဖြစ်သင့် ပါဘူး။အတန်းမှူးတွေ ဘာသာရပ်မှူးတွေ တာဝန်ခံဆရာမနဲ့ ကျောင်းအုပ်ကြီးကတော့ ဒါမျိုးတွေကို ကြီးကြပ်သင့်ပါတယ်။ ဒါကလည်း ဆရာ၊ ဆရာမအများစုတော့ မဟုတ်ပါဘူး။ ကျောင်းတစ်ကျောင်းမှာ ဒီလိုဆရာမမျိုးကတော့ တစ်ယောက်စ နှစ်ယောက်စ ရှိမှာပါ။ စုန်းပြူး တွေလို့ ပြောရမှာပေါ့။ ငါးခုန်းမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရတာပါ။ ကျောင်းမှာလည်း စေတနာထားပြီး အာဘောင်အာရင်းသန်သန်နဲ့ သင်ကြားကြသလို ကျူရှင်မှာဆိုရင်လည်း မမောနိုင်မပန်းနိုင် သင်ကြားပေးကြတဲ့ ဆရာမတွေရှိပါတယ်။ ဒါ့ကြောင့် ဝါးလုံးရှည်နဲ့ သိမ်းပြီး မရမ်းသင့်ပါဘူး။

နို့ပြီး ကျောင်းမှာ တချို့ဆိုးတဲ့ ကျောင်းသားတွေရှိပါတယ်။ တစ်ချို့ကျောင်းသူ မိန်းကလေးတွေလည်း ဆိုးတာရှိပါတယ်။ အဲဒီတော့ ဆရာမတွေက ပြောဆိုဆုံးမတဲ့အပေါ် သူ့ကျူရှင်မတက်လို့ပြောတာ ဖိနှိပ်တာဆိုပြီး အပြင်မှာ ပြန်ပြောကြတွေရှိပါတယ်။ ဒါတွေကလည်း ချင့်ချိန်ပြီး စဉ်းစားကြဖို့လိုပါတယ်။
တည်ဆဲဖြစ်တဲ့ ၁၉၈၅ခုနှစ် ဘာသာရပ်သင်ဥပဒေအရ တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ ဘယ်ကျောင်းဆရာ၊ ဆရာမမျှ ကျူရှင်သင်ကြားခွင့်မရှိပါဘူး။ ဒါ့ကြောင့် ကျူရှင်စနစ်နဲ့ပတ်သက်ပြီး လွှတ်တော်က အတည်ပြုပြဌာန်းတဲ့ ဥပဒေသစ်တစ်ရပ် ရေးဆွဲကျင့်သုံးသင့်ကြောင်း၊ အဆိုပါ တည်ဆဲဥပဒေအရ ပြင်ပဆရာ၊ ဆရာမများနဲ့ အငြိမ်းစားဆရာ၊ ဆရာမများသာ ကျူရှင် သင်ကြားခွင့်ရှိတာမို့လို့ ကျူရှင်နဲ့ပတ်သက်တဲ့ ဥပဒေသစ်ပြဌာန်းခြင်း မရှိဘဲ တာဝန်ထမ်းဆောင်နေဆဲ ဆရာ၊ ဆရာမတွေကို တရားဝင် ကျူရှင်သင်ကြားခွင့်ပြုခြင်းဟာ ရှိပြီးသားဥပဒေ မတည်မြဲမှုကို ဖေါ်ပြနေကြောင်း ဝိုင်းကျူရှင်ဆရာတစ်ဦးက ပြောတယ်လို့ သိရပါတယ်။ ၄င်းကပဲ ဒီကိစ္စကို အစိုးရကရော ပြင်ပအဖွဲ့အစည်းတွေကပါ ဆွေးနွေးညှိနှိုင်း နေကြပေမယ့် ပြည်သူလူထုအနေနဲ့ အခုအချိန်ထိ ကျူရှင်နဲ့ပတ်သက်ပြီး မရှင်းလင်းကြောင်း၊ ဝန်ကြီးပြောသည့်အတိုင်းဆိုပါက အခုကျင့်သုံးနေတဲ့ဥပဒေနဲ့ သွားညှိနေမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် ဥပဒေသစ်ပြဌာန်းသင့်ကြောင်း၊ ပြဌာန်းပြီးဥပဒေကိုလည်း ပြန်ဖျက်လိုက်၊ ပြန်ပြင်လိုက် မလုပ်သင့်ကြောင်း ပြောပါတယ်။

လက်ရှိမှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ စာသင်ကြားခြင်း သက်မွေးပညာဘာသာ ကျွမ်းကျင် တတ်မြောက်ကြတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ မိမိအတန်းကျောင်းမှ ကျောင်းသားများကို ကျူရှင်သင်ကြားခွင့်မပြုတော့ပဲ ဆန္ဒရှိပါက အခြားကျောင်းမှ ကျောင်းသားများကို သင်ကြားခွင့် ပြုရန် ဥပဒေမှာ ထည့်သွင်းရေးဆွဲပြဌာန်းနိုင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အဓိပ္ပါယ်တော့ သိပ်မရှိဘူးလို့ထင်ပါတယ်။ တခြားကျောင်းက ကျောင်းသားက ကိုယ့်ဆီမှာ ကျူရှင်လာတက်မလား။ သူ့ကျောင်းက သူ့ဆရာမဆီမှာပဲ တက်တော့မှာပေါ့။ ကိုယ့်ကျောင်းသားနဲ့ ကိုယ့်ဆရာမက အထာကျနေတာလေ။ ဆရာမတွေကလည်း ကိုယ့်ကျောင်းသားမဟုတ်ဘဲနဲ့ ရင်းရင်းနှီးနှီး မရှိဘဲနဲ့ သင်ချင်ပါ့မလား။ ကိုယ့်ကျောင်းသားနဲ့ကိုယ်မှ ပြောမနာ၊ ဆိုမနာမဟုတ်လား။ အပြင်ကျူရှင်တက်တဲ့သူတွေလည်း တက်ကြပါတယ်။ အသင်အပြကောင်းလို့ နာမည်ကြီးလို့ သူငယ်ချင်းတွေလည်း တက်လို့ လိုက်တက်ကြတာရှိပါတယ်။ ကျွန်တော်ထင်တယ်။ အပြင်ကျူရှင် တွေ စာသင်စာကျက်ဝိုင်းတွေက ဆယ်တန်းလိုမျိုး အစိုးရစစ်တွေပဲ တက်လို့ကောင်းပါတယ်။ ကျန်တဲ့ ရှစ်တန်း ၊ ကိုးတန်းလိုမျိုး အတန်းတွေကတော့ သူ့ဆရာနဲ့သူပဲ ထားတာကောင်းပါတယ်။

အဲဒီအပြင် ကျူရှင်တွေကလည်း ကျောင်းက ကျူရှင်သင်တဲ့ ဆရာ၊ ဆရာမတွေကို အမြင်မကြည်ကြပါဘူး။ သူတို့စားကျက်ကို လုနေတဲ့သူတွေလို့ပဲမြင်ပါတယ်။ မဒမ်ဘအေးကျောင်းက ကျောင်းဆရာမ တစ်ယောက်ဆို အပြင်ကျူရှင်ဖွင့်တဲ့နားမှာ ကျူရှင်သွားသင်တာ အဲဒီကျူရှင်ဆရာကတိုင်လို့ ဖြေရှင်းလိုက်ရပါသေးတယ်။ အဲဒီကျူရှင်ဆရာဟာ မဒမ်ဘအေးတို့ရဲ့ တပည့် ဟောင်း တစ်ယောက်ပါပဲ။ သူ့ကျူရှင်က ကျောင်းနားမှာကို ဖွင့်ထားတာပါ။ ကျူရှင်တက်တယ်ဆို တာ ကျောင်းသားတွေရဲ့ အခွင့်အရေးပါ။ (မိဘတွေက ထားနိုင်တယ်ဆိုရင်ပေါ့) သူတက်ချင်တဲ့ဆီ တက်ပါလိမ့်မယ်။ ကိုယ့်ဆရာမဆီမှာပဲ ဝေးဝေးနီးနီးတက်တဲ့သူ ရှိသလို ကိုယ့်ဆရာမ မဟုတ်ပေမယ့် အိမ်နီးလို့တက်တာလည်း ရှိပါတယ်။ အပြင်ကျူရှင်တက်ချင်လည်း တက်ပါလိမ့် မယ်။ သူစိတ်အားထက်သန်ရာ သူအဆင်ပြေသလို တက်မှာပါ။ ဒါ့ကြောင့် သူ့ဆီတော့ တက်တယ်။ ငါ့ဆီတော့ မတက်ဘူးဆိုပြီး မစ္ဆေရိယပွားနေဖို့ မလိုပါ။

ကျူရှင်နဲ့ ပတ်သက်ပြီး ပုဂ္ဂလိက ဆရာတစ်ဦးက အပြင်ကဆရာတွေကျတော့ မှတ်ပုံတင်ပြီး ကျူရှင်သင်ရကြောင်း၊ ကျောင်းက ဆရာတွေကျတော့ မှတ်ပုံမတင်ဘဲ ဒီအတိုင်းသင်ကြကြောင်း ဥပဒေအရ ကြည့်မယ်ဆိုရင် မှတ်ပုံတင်ထားတဲ့သူသာ တရားဝင်ဖြစ်ပြီး မှတ်ပုံမတင်တဲ့သူတွေ ကတော့ မှောင်ခိုဖြစ်သွားမှာဖြစ်ကြောင်း၊ ၄င်းကို ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းနိုင်မှ အရေးယူမှုတွေ လုပ်နိုင် မှာဖြစ်ကြောင်း ပြောကြားတာတွေ့ရပါတယ်။ သူပြောမှပဲ ကျောင်းကဆရာမတွေက မှောင်ခိုတွေဖြစ် သွားပါတော့တယ်။ ခုပြောတဲ့သူတွေက သူတို့ရော ကျူရှင်မသင်ခဲ့ဘူးလား။ သူတို့သားသမီးတွေကို ရော ကျူရှင်မထားခဲ့ဘူးလား။ သူတို့ဆွေမျိုး ၊ မိတ်သင်္ဂဟ အသိုင်းအဝိုင်း မှာရော ကျူရှင်သင်တဲ့သူ ကျူရှင်ထားတဲ့သူတွေ မရှိတော့ဘူး။ ကျောင်းက ဆရာ၊ ဆရာမတွေ ကျူရှင် သင်တာနဲ့ ပတ်သက်ပြီး အများဆုံးပြောတာ အဲဒီအပြင် ကျူရှင်ဆရာတွေပါပဲ။ ဆရာ၊ ဆရာမတွေ ကျူရှင် သင်တယ်ဆိုတာလည်း ကိုယ့်အတန်းက ကျောင်းသားလောက်ပါပဲ။ ဒါတောင် အခန်းရှိလူ အကုန်တက် တာ မဟုတ်ပါဘူး။ သူတို့ကျူရှင်သင်ကြတယ်ဆိုတာ အိမ်ကလေးတစ်လုံး၊ အိမ်ခန်းလေးတစ်ခန်းမှာ အိမ်ငှားခပေးပြီးတော့ပဲဖြစ်ဖြစ် ၊ တပည့်တွေထဲက ပတ်သက်ရာ ပတ်သက်ကြောင်း အခန်းမှာပဲဖြစ်ဖြစ် ကြပ်ကြပ်တည်းတည်းနဲ့ သင်ကြရတာပါ။ ကြီးကြီးကျယ်ကျယ် ဟောခန်းကြီးနဲ့ သင်ရတာမဟုတ်ပါဘူး။ စီးပွားဖြစ်လည်း မဟုတ်ပါဘူး။ ပင်လယ်ရေ ဘယ်သူသောက်သောက် ဟုတ်ဘူးလား။

နောက်တစ်ခု ကျွန်တော့အမြင်ပြောချင်တာက အပြင်ကျူရှင်ဆရာတွေ မှတ်ပုံတင်ရတယ် ဆိုတာ သူတို့က အပြင်လူတွေ၊ အပြင်လုပ်ငန်းလေ၊ ပုဂ္ဂလိကလေ။ ဒီတော့ ထိန်းချုပ်လို့ရအောင် မှတ်ပုံတင်ရပါတယ်။ လိုင်စင်လုပ်ရပါတယ်။ ကျောင်းကဆရာ ၊ ဆရာမတွေက သူတို့ကို ကြီးကြပ်တဲ့ ကျောင်းအုပ်တွေ ရှိတယ်။ ပညာရေးမှူးတွေရှိတယ်။ နောက်ပြီးသူတို့က လက်ရှိဝန်ထမ်းတွေ၊ ဝန်ကြီးပြောသလိုပဲ အားလပ်ချိန်မှာ အပိုဝင်ငွေရှာတဲ့ သဘောနဲ့ ကျူရှင်သင်ကြရတာပါ။ မိသားစု စားဖို့ သောက်ဖို့လောက်ငနေရင် ဘယ်သူမှ အပင်ပန်းခံပြီး ကျူရှင်သင်မနေပါ။ ဒါကြောင့် မိမိကျောင်းက မိမိအတန်းက ကျောင်းသားကို ကျူရှင်သင်ခွင့်မပြုတဲ့ ဥပဒေပြဋ္ဌာန်းဖို့ ပြောဆိုနေတဲ့ သူတွေ ကြိုးစားနေတဲ့သူတွေ ပြန်ပြီးစဉ်းစားသင့်ပါ တယ်လို့ ပြောချင်ပါတယ်။ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ဆိုတာ ယုတ္တိသဘာဝတွေနဲ့ အဘက်ဘက်က ချိန်ထိုးပြီး ကြည့်ကြစေချင်ပါတယ်။ ကိုယ်ပြောချင်တာပဲ စွတ်မပြောဖို့လိုပါတယ်။

ဒီတော့ ကျူရှင်ဆိုတာကို လုံးဝပျောက်သွားအောင် လုပ်ဖို့တော့ မလွယ်ဘူး။ သေသေချာချာ ဘက်ပေါင်းစုံက စဉ်းစားကြည့်ရင်လိုအပ်ချက် တစ်ခုအနေနဲ့တော့ ရှိနေရဦးမှာပဲ။ ဒါကြောင့် ဥပဒေပြဋ္ဌာန်း ပြီး ထိန်းချုပ်မှု တစ်ခုခုလုပ်တာကတော့ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်ကျောင်းက ကျောင်းသားကို ပြန်မသင်ရဆိုတာမျိုးကတော့ မလုပ်ပါနဲ့။ မဖြစ်နိုင်တာတွေမို့လို့ပါ။ သင်တော့သင် ၊ စည်းကမ်းချက်လေး တွေ သတ်မှတ်ပြီးတော့ပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ဒီဆောင်းပါးရေးနေရင်းပဲ သတင်းစာလာလို့ ဟိုလှန်၊ ဒီလှန် ခဏလှန်မိလိုက်ပါတယ်။ ဆရာမရဲ့ ဘဝနဲ့ ပတ်သက်ပြီး ဆောင်းပါးလေး တစ်ပုဒ်တွေ့လို့ အစအဆုံးပဲ ထိုင်ဖတ်လိုက်မိပါတယ်။ ၂၉-၇-၂၀၁၄ နေ့ထုတ် ဒီမိုကရေစီတူဒေး သတင်းစာမှာပါတဲ့ ဆောင်းပါးရှင် မိမာရဲ့ “ဘဝ ဘဝ ဆရာမ”ဆိုတဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။
ဆောင်းပါးရှင်က သူရဲ့ ဆရာမဘဝ အိမ်ပြန်နောက်ကျလို့ လူမမယ်ကလေးနှစ်ယောက်နဲ့ အိမ်မှုကိစ္စ လုပ်နေရတဲ့ ယောကျားက မကြည်တဲ့အကြောင်းနဲ့ စထားပါတယ်။

တကယ်တော့ သူ့ယောကျားလည်း ကျောင်းဆရာ၊ သူလည်းကျောင်းဆရာ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ခဲ့တာဖြစ်ကြောင်း သူယောကျာ်း တက္ကသိုလ်ကျောင်းဆရာက လျှာပေါ်မြက်ပေါက်ရင် ပေါက်ပါစေ ကျူရှင်မသင်ဘူးဆိုလို့ သူသင်ရတာဖြစ်ကြောင်း၊ ကျောင်းကဆင်းတာနဲ့ ကျူရှင်သင်မယ့်အိမ်တစ်ခုပြီး တစ်ခု ပြေးရကြောင်း၊ စာသင်ပြီး အိမ်ပြန်ချိန်ဆိုရင် အပြင်မှာမှောင်နေပြီဖြစ်ကြောင်း၊ ဒီအချိန်မှာ ယောကျာ်း နဲ့ ကလေးတွေ ဘာချက်စားမလဲ တွေးမိရင်း သူဗိုက်ဆာတာတောင် သူကြိုက်တဲ့ မုန့်ဟင်းခါးနဲ့ ဘူးသီးကျော်လေးကို ပိုက်ဆံကုန်မှာစိုးလို့ ဝယ်မစားဖြစ်ခဲ့ကြောင်း၊ ကျောင်းသွားကျောင်းပြန်နဲ့ ကျူရှင်အိမ်တွေသွားရတာပဲ ကားခနဲ့ ဆိုက်ကားခက တစ်နေ့ ၁၅၀ဝ လောက်ကုန်နေကြောင်း၊ လစဉ်ဝင်ငွေလေးကို တွက်ကြည့်လိုက်ရင် ကိုယ်လစာနဲ့ မလောက်လို့ ကျူရှင်ပြတာတောင် စုစုပေါင်းနှစ်သိန်းနီးနီး ၊ ယောကျာ်းတက္ကသိုလ် ဆရာပြန်တမ်းဝင်ကြီးက တစ်သိန်းခုနစ်သောင်းနဲ့ ပေါင်းလိုက်မှ သုံးသိန်းဖြစ်ကြောင်း တော်သေးတာ တစ်ခုက အိမ်ရှင်က သဘောကောင်းလို့ ခြောက်သောင်းနဲ့ ငှားထားလို့ရတဲ့ အိမ်ကခဏခဏမပြောင်းရတာဖြစ်ကြောင်း ၊ တစ်ဆက်တည်းမှာ ပဲ ပညာရေးဝန်ထမ်းတွေဟာ တခြားဝန်ကြီးဌာနတွေလို ဝန်ထမ်းအိမ်ရာ လိုင်းခန်းပြည့်စုံအောင် မရကြောင်း ဖော်ပြထားပါတယ်။

နောက်ပြီး သူ့ဘဝသာဒုံရင်းတာ ဘယ်နေ့အလုပ်ပြုတ်မလဲကျတော့ ပူနေရကြောင်း၊ ပြဋ္ဌာန်းစာအုပ် ထုတ်မပေးလို့ အတိုင်ခံရ၊ ဘာကြေးညာကြေး တောင်းလို့ အတိုင်ခံရနဲ့ ။ တစ်နှစ်တစ်နှစ် အတိုင်ခံရတာလည်း မနည်း။ စိတ်ညစ်လှပါကြောင်း ၊ အလုပ်ပြုတ်တာကမှ လွတ်လွတ်လပ်လပ်နဲ့ ဈေးရောင်းစားပြီး ချောင်ချောင်လည်ရှိနိုင်သေးကြောင်း၊ သင်ထားမိတဲ့ ပညာလေး နှမြောလို့သာ ။ ဒါတောင်ဘယ်သူက အတင်းအကျပ်ခိုင်းလို့ ဆရာအလုပ် လာလျှောက်တာလဲလို့ တာဝန်ကြီးသူတစ်ယောက်က တာဝန်မဲ့ပြောခဲ့သေးကြောင်း။ သူတို့ ဆင်ခြေဖုံး ကျောင်းတွေဆိုတာ အစိုးရက အဆောက်အအုံဆောက်၊ ဆိုင်းဘုတ်တင်ပြီး ကျောင်းဖွင့်သွားတာ။ ပြောလိုက်ရင်တော့ အခမဲ့ပညာရေးတို့ဘာတို့ ကျောင်းအပ်ခတို့ ဘာကြေး၊ ညာကြေး မကောက်ရတို့ ဘာတို့။ အခမဲ့ပညာရေးက ခုံကျိုးတော့ ဘယ်လိုအသစ်လဲမလဲ။ အစိုးရက ပြန်ပြင်ပေးတဲ့ အချိန်ထိ စောင့်လို့မှရတာ။ ကျောင်းအုပ်ကြီးသာသနားမိပါရဲ့။ မိဘဆရာ အသင်းဆိုတာကလည်း ရေရှည်ဘာမှ လုပ်နိုင်တာ မဟုတ်ကြောင်း၊ နောက်ကျောင်းစစ်များ လာရင်က ဧည့်ခံကျွေးမွေးစရိတ်တို့ တခြားဗာဟီရတွေကများပြီးတော့ ကွက်ပျောက်ကုန်စရာ အသေးသုံးတွေများလှပါကြောင်း၊ တံမြက်စည်းဖိုး၊ အမှိုက်ပုံးဖိုး၊ ရေသန့်ဖိုး … စုံလို့ စုံလို့ ။ ကျောင်းအိမ်သာဆိုတာကလည်း ပြောတော့ပါဘူးလေ လို့ဆိုပါတယ်။

လူတွေကလည်း တခြားဝန်ကြီးဌာနတွေမှာ အလုပ်ဖြစ်ဖို့အတွက် အဝင်အထွက် အပေးအယူလုပ်တာကျ လုပ်ရိုးလုပ်စဉ်လိုပါပဲ။ ရှေ့ပေါက်ကဝင်လိုက်၊ နောက်ပေါက်ကဝင်လိုက်။ အဲဒါတွေကျ မတိုင်ကြ မတောကြဘူးလားမသိကြောင်း၊ ကျောင်းဆရာတွေ ကောက်တဲ့ ပိုက်ဆံတစ်ပဲခြောက်ပြားကျတော့ အထင်လွဲ၊ အမြင်လွဲ၊ စာမေးပွဲမေးခွန်းကြေးလေး တစ်ရာလောက်ကောက်လိုက်ရင် ဟိုတိုင်ဒီတိုင်နဲ့ သူတို့ ဆရာမတွေမှာ သီတင်းကျွတ်ကျရင်သာ အာစရိယဂုဏော အနန္တောနေတာ ကျန်တဲ့အချိန်တွေမှာ ပညာရေးဌာန အဆင့်ဆင့်က အပေါ်ကကန်လိုက်၊ ကျောင်းသားက အောက်ကကန်လိုက် ၊ မိဘက ဘေးကကန်လိုက်နဲ့ ဒီကြားထဲ နိုင်ငံရေးသမားတချို့က ဝင်ဆဲလိုက်သေးကြောင်း။ ပညာရေးနိမ့်ကျနေတာဟာ ဆရာ၊ ဆရာမတွေ မှာ အတိုင်းအတာ တစ်ခုအထိ တာဝန်ရှိတယ်ဆိုတာ လက်ခံပါကြောင်း၊ ဒါပေမယ့် သူတို့ ဆရာမတွေဟာ ဒီပြဿနာရဲ့ အဓိကတရားခံတွေတော့ မဟုတ်ဘူးလို့ ပြောချင်ကြောင်း၊ သူတို့က ဓါးခုတ်ရာ လက်ဝင်လျှိုတာ ဘဝအကျိုးပေးနဲလို့ဖြစ်ကြောင်း၊ ဆရာမဟာ သူ့ရဲ့ ဆရာမဘဝကို အဘယ်မျှ စိတ်နာစိတ်ပျက်သွားသည်လည်း မသိပါ။ အောက်ပါအတိုင်း သူ့ဆောင်းပါးကို အဆုံးသတ်ထား ပါတယ်။

တော်ပါပြီရှင် ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ဆုတောင်းချင်ပါရဲ့
ဒီဆုတောင်း မှားချင်မှားပါစေတော့။
ဝဋ်ကြွေးရှိရင်လည်း ကျေပါစေတော့ရှင်။
ဘဝဆက်တိုင်း ၊ ကျောင်းဆရာ မဖြစ်ရပါစေနဲ့။
ဒီဘဝ ဒီမျှသာလို့ ။ ။

ကျွန်တော်လည်း ကျူရှင်အကြောင်းရေးရင်းနဲ့ ဒီဆောင်းပါးလေးကို ဆက်စပ်ဖော် ပြရတာဟာ ဆရာ၊ ဆရာမတွေကိုပဲ အကြောင်းအမျိုးမျိုးနဲ့ အပြစ်ပြောချင်နေတဲ့ သူတွေ ဆရာ၊ ဆရာမတွေရဲ့ တွေ့ကြုံခံစားနေရတာတွေ သူတို့ရဲ့ ဘဝတွေကို အားလုံးမဟုတ်တောင် တစ်စိတ်တစ်ဒေသလေး နားလည်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ချွတ်ယွင်းချက် အားနည်းချက်ရှိတဲ့ သူလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။ ကိုယ်ကျူရှင်မသင်လည်း သင်တဲ့သူဆီသွားကြမှာပဲ။ ကျူရှင်ဆိုတာလည်း တကယ်တမ်းတော့ ကျောင်းကစာတွေ ပြန်နွေးတာပါပဲ။ ကျောင်းမှာသင်တာ မလိုက်နိုင်တဲ့သူ နားမလည်လိုက်တဲ့သူတွေက ကျူရှင်မှာ ဆရာနဲ့ ထပ်တစ်လဲလဲပြန်ပြီး လေ့ကျင့်နိုင်ကြပါတယ်။ အိမ်မှာဆိုရင် စာလုပ်ချင်မှ လုပ်ပါလိမ့်မယ်။ မိဘတွေက အချိန်တိုင်း စောင့်ကြည့်မနေနိုင်ပါဘူး။ မအားတာလည်း ရှိသလို ကိုယ့်ကလေးတွေကို စာပြန်မပြနိုင်တာလည်းရှိပါတယ်။ ဒါကြောင့် မိဘတွေကိုယ်တိုင် ကြိုးစားပြီး ကျူရှင်ကိုလွှတ်ကြတာပါ။ စောစောကရေးခဲ့သလို ကျူရှင်လုံးဝပျောက်အောင်တော့ လုပ်နိုင်ဖို့ မဖြစ်သေးပါ။ ဘယ်လို ထိန်းချုပ်နိုင်မယ်ဆိုတာကိုပဲ ဝိုင်းပြီးစဉ်းစားရမှာဖြစ်ပါကြောင်း ….

TZO
30/7/2014

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *