နည်းပညာဟာ အချိန်ကုန်၊ ငွေကုန် သက်သာစေရုံသာမက ပျော်ရွှင်စရာလည်း ကောင်းပါတယ်။ အခုတီထွင်လိုက်တဲ့ ကိရိယာတစ်ခုဟာ အဲဒီအဆိုကို မှန်ကန်စေတယ်လို့ သက်သေပြနေပါတယ်။ အဲဒီကိရိယာက သင့်ကို ကမ္ဘာ့အဆင့်မီ အရက်ဖျော်စပ်သူတစ်ယောက် ဖြစ်စေမှာပါတဲ့။
Gadget များကို ရောင်းချနေတဲ့ Firebox က The Perfect Drinkဆိုတဲ့ ထုတ်ကုန်အသစ်တစ်ခုကို ရောင်းချပေးလိုက်ပါတယ်။ The Perfect Drinkက စမတ်ကျတဲ့ အလေးချိန် ချင်တွယ်တဲ့ ကိရိယာဖြစ်ပြီး စမတ်ဖုန်း App တစ်ခုနဲ့ တွဲဖက်အလုပ်လုပ်မှာပါ။ အရက်ခွက်ကို ကိရိယာပေါ်မှာတင်ပြီး App က ဖော်ပြထားတဲ့ အရက်ဖျော်စပ်နည်းတွေကို ကြည့်ပြီး အရက်ဖျော်စပ်ရမှာပါ။ App က အရက်ပမာဏ ဘယ်လောက်ထည့်ရမယ်လို့ ဖော်ပြထားရင် ချိန်ဆမနေဘဲ လောင်းသာထည့်လိုက်ပါ။ ဖော်ပြထားတဲ့ အရက်ပမာဏ ရောက်ရင် App က ရပ်တန့်ဖို့ ပြောပါလိမ့်မယ်။ အဲဒီနည်းနဲ့ သင်ဟာ အရက်ဖျော်စပ်တဲ့ သင်တန်းတွေ တက်စရာမလိုဘဲ အရက်ကောင်းတစ်ခွက်ကို ဖျော်စပ်နိုင်ပါပြီ။
ကိရိယာမှာ AAA Battery သုံးလုံးကို အသုံးပြုပြီး Android, iOS Smartphoneတွေနဲ့ 3.5mm jack အပေါက်ကနေ ဆက်သွယ်မှာပါ။ Appက အရက်ဖျော်စပ်တဲ့ အခါ ပါ၀င်ပစ္စည်းများနဲ့ ဖန်ခွက်ပုံကို ပြသပေးမှာဖြစ်ပါတယ်။ အရက်ခွက်ထဲကို အရက် ဒါမှမဟုတ် အခြား အရည်တစ်မျိုးလောင်းထည့်လိုက်တာနဲ့ စမတ်ဖုန်းမှ ဖန်ခွက်ပုံမှာလည်း လောင်းထည့်လိုက်တဲ့ ပမာဏကို အချိန်နဲ့ တစ်ပြေးညီ ပြသပေးမှာဖြစ်ပါတယ်။ အရက်ကို မွှေနှောက်ရမယ့် အချိန်၊ ရေခဲပမာဏနဲ့ ဖြည့်စွက် ပစ္စည်းတွေကို ပံ့ပိုးပေးမှာပါ။ ပါ၀င်ပစ္စည်းတွေကို ခွက်ထဲထည့်ရင်လည်း Appက ရပ်ရမယ့် အချိန်ကို ပြောမှာဖြစ်ပါတယ်။
တစ်ကိုယ်ရေ သောက်သုံးဖို့ အရက် ဖျော်စပ်နိုင်သလို ပါတီပွဲများအတွက်လည်း အရက် ဖျော်စပ်နည်းများပါရှိပါတယ်။ သင့်မှာ ရှိတဲ့ အရက်ကို App မှာ ရိုက်ထည့်လိုက်တာနဲ့ အဲဒီအရက်ကို ဖျော်စပ်နိုင်မယ့် နည်းလမ်းများစွာကို ပြပေးမယ့် Cabinet စွမ်းဆောင်ချက်ပါရှိပါတယ်။ အရက်ဖျော်စပ်ရာမှာ လှုပ်ခါရတဲ့ Cocktail Shakerနဲ့ Mobile Standတွေကို သီးခြား ၀ယ်စရာမလိုဘဲ The Perfect Drink မှာ ပါရှိပြီးသားပါ။
အရက်ခွက် ဒါမှမဟုတ် Cocktail Shaker ကို ကိရိယာပေါ်တင်ပြီး အရည်များလောင်းထည့်လိုက်တာနဲ့ ကိရိယာက တစ်စက္ကန့်ကို တိုင်းတာမှု အရေအတွက် သုံးဆယ်အထိပြုလုပ်ပေးနိုင်ပါတယ်။ အဲဒီအတွက် ဖျော်စပ်သူက တိုင်းတာစရာ မလိုတော့ပါဘူးလို့ ကိရိယာကို ရောင်းချတဲ့ Firebox ၀က်ဆိုက်မှာ ရေးသားထားပါတယ်။ အရည်များ လောင်းထည့်နေတုန်း မိုဘိုင်းဖုန်းကို ကြည့်နေရမှာပါ။ App က ရပ်တန့်ဖို့ ပြောရင် ရပ်လိုက်ရုံပါပဲ။ ပါ၀င်ပစ္စည်းများ ဒါမှမဟုတ် အရည်များ ပိုမို လောင်းထည့်မိရင်လည်း စိတ်မပူပါနဲ့။ App က အချိုးအစားတွေကို အလိုအလျှောက် ပြန်လည် ပြင်ဆင်ပေးနိုင်ပါတယ်။
The Perfect Drink ကို ဒေါ်လာ ၁၀၂.၁၉ နဲ့ ရောင်းချပေးနေပြီး ဗြိတိန်မှ စားသုံးသူများအတွက် အခမဲ့ ပို့ဆောင်ပေးနေပါတယ်။