သြော် ဘာလိုလိုနဲ့ နွေ မိုး ဆောင်း သုံးရာသီမှာ ကျောင်းပိတ်ထားတဲ့ အလွန်ပူပြင်းခြောက်သွေ့တဲ့ နွေရာသီဆိုတာကို ဖြတ်သန်းခဲ့ပြန်ပြီပေါ့။ ဒီနှစ်ရဲ့ နွေရာသီဟာ အလွန်ကြာမြင့်ခဲ့တယ်ဆိုပေမယ့် မိုးလေး ရွာလာပြန်တော့ သွားရလာရ စိုစွတ်နေတော့ သိပ်ပြီး မနှစ်သက်ကြပြန်ပါဘူး။ မိုးတဖွဲဖွဲကျလာသည်နှင့် မိသားစုအတော်များများ မိုးတွင်းကာလအတွက် လိုအပ်ချက်တွေကို တွေးတောလာရသည်မှာလည်း အလွန်စိတ်ညစ် စိတ်ပျက်စရာ ခေါင်းခဲစရာ အကြောင်းပဲ မဟုတ်ပါလား။ ပူပြင်းတဲ့ နွေကာလကို ဖြတ်သန်းခဲ့ပြီး မိုးရေစက်တွေကို မျှော်လင့်မိတဲ့စိတ်တို့လည်း မိုးစက်တွေနဲ့အတူ ကျရောက်လာတဲ့ လိုအပ်ချက်တွေကြောင့် ရင်ထဲမှာတော့ မအေးချမ်းနိုင်ဖြစ်ခဲ့ရပြန်တယ်လေ။ လစဉ် တာဝန်ယူနေတဲ့ မီတာခကလည်း အလုပ်သွားခါနီး အမေက သမီး ဒီနေ့ မီတာခ နောက်ဆုံးနော်ဆိုတဲ့ သတိပေးချက်ကြောင့် စိတ်ရှုပ်ထွေးရတယ်။ မီးမလာတော့လည်း မီးတာခ သက်သာလားဆိုတော့လည်း သိပ်လည်း မသက်သာပြန်ဘူး။ နောက် မောင်နှမများတဲ့ ကိုယ့်ဘဝကိုလည်း တစ်ခါတလေ ပြန်စဉ်းစားရင် ပြည့်စုံနေတဲ့အချိန်ဆို ပျော်စရာကောင်းပေမယ့် အရာရာ ချို့ငဲ့နေတဲ့ဘဝ ရောက်နေတော့ မပံ့ပိုးနိုင်ဖြစ်ပြီး စိတ်အားငယ်ခဲ့ရတယ်။ ဟော ခု ပူပြင်းလှတဲ့နွေရာသီကို အံတုပြီး စိုစွတ်သော မိုးကာလတွင် ဆောင်းနှင့် နွေ နှစ်တွေတုန်းက စောင့်ဆိုင်းနေသော ကုန်ကျစရိတ်များသာမက နွေရာသီက ရပ်နားခဲ့တဲ့ မောင်လေးတွေရဲ့ ပညာရေးက ပြန်စလာခဲ့ပြန်ပြီ။
တစ်နှစ် တစ်နှစ် ကျောင်းစရိတ်၊ ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ လွယ်အိတ်စတဲ့ လိုအပ်ချက်တွေကို စဉ်းစားနေတုန်း မောင်လေးတွေရဲ့ အလုပ်သွားမနက်လင်း မှာကြားသံက ထွက်ပေါ်လာတယ်။ မမကြီး ဘောပင်၊ ခဲတံ ဝယ်ခဲ့ပါတဲ့။ အင်း ဝုန်းဒိုင်းကြဲ ရွာချတတ်တဲ့ မိုးရာသီတွင်း ထီး ဒါမှမဟုတ် မိုးကာနှင့် မိုးတွင်းစီးဖိနပ်တွေကလည်း မရှိမဖြစ် လိုအပ်နေပြန်ပါလား။ ဒီကြားထဲ ကိုယ့်ရဲ့ ဝါသနာ ပန်းတိုင်အတွက် တက်နေတဲ့ ကျောင်းကလည်း အောင်စာရင်းထွက်ပြီး ဒုတိယအသုတ်တက်ဖို့ ကျောင်းလခသွင်းဖို့ လိုလာပြန်ပြီ။ ဒီကြားထဲ ဟိုစရိတ် ဒီစရိတ်တွေကလည်း ရှိသေးပြန်သတဲ့။ ထို့နောက်…. ထို့နောက်… တွေးကြည့်ရုံမျှပင် အသက်ရှူကျပ်ချင်လာသည်။ အရင်က အလုပ် နှစ်ခုလုပ်တော့ နည်းနည်းလှဲ့သာ ချောင်သာ ရှိပေမယ့် ခုတော့ တိုင်းထွာနေရတဲ့ဘဝ ဖြစ်နေတော့ ကက်စီးနည်းတယ်ပြောလည်း မချိပြုံး အခါခါပြုံးရင်း ရင်ထဲမှာ အကြိမ်ကြိမ်ငိုနေမိတာလည်း ဘယ်သူမှ မသိခဲ့ဘူး။ ဘယ်အရာမဆို အားလုံးအတွက် ဖြည့်ဆည်းပေးချင်တဲ့ စိတ်ကို မနည်းချိုးနှိမ်ရင်း ရေအလှူလည်း လှူချင် ပရဟိတလည်း လုပ်ချင်နေတဲ့ ငါ့ရဲ့အဖြစ် တော်တော်များ ရယ်စရာကောင်းနေသလား။ ကိုယ့်ဘဝတောင် မပြည့်စုံတာ သူများ ကူညီချင်နေတဲ့စိတ်ကိုလည်း တားဆီးလို့ မရခဲ့ပြန်ပါဘူး။
ကျွန်မ ငယ်စဉ်က မိဘများက မည်သို့ ကျောင်းထားပေးခဲ့သည်မသိ။ အခုအရွယ်ရောက် လာတော့ ပညာရေးအတွက် လိုအပ်တဲ့ အချက်အလက်တွေကို သိရှိနားလည်လာရတယ်။ ခုထိလည်း ပန်းတိုင်လျှောက်နေဆဲ ဘာမှမလုပ်ရင်လည်း ဘာမှမဖြစ်ဘူးဆိုတဲ့ အသိ သူများနောက်မှာ မနေချင်တဲ့ကိုယ့်ရဲ့စိတ် ဒါတွေ ပြန်တွေးကြည့်မယ်ဆိုရင် ငယ်ငယ်တုန်းက အဖေပြောတဲ့စကား ကိုလည်း ပြန်ကြားယောင်နေမိတယ်။“သမီး…. အဖေတို့မှာ ရှိလို့ ကျောင်းထားပေးတာ မဟုတ်ဘူး။ တတ်စေချင် တော်စေချင်လို့ သူများနောက်မရောက်အောင် နောက်ပြီး ပြောသေးတဲ့စကားက ငွေကြေးချို့တဲ့ဘဝဆိုတော့ ပညာပဲ အမွေပေးနိုင်မယ် သမီး” ဆိုတဲ့ စကားတွေ တစ်ဘဝလုံးအတွက် လူဖြစ်စေဖို့၊ ပညာဟာ လူတစ်ယောက်ရဲ့ဘဝကို ဘယ်လိုပုံဖော် ပြောင်းလဲပေးနိုင်စွမ်းရှိတယ်ဆိုတာ သိလို့ ခုအရွယ်မှာ နားလည် သဘောပေါက်လာမိတယ်။ ဒါကြောင့် လူတိုင်း ငယ်ရွယ်စဉ်မှာ ပညာကို ကြိုးစား သင်ယူစေချင်မိပါတယ်။ မိဘရဲ့ လုပ်အား ချွေးနှဲစာဖြင့် ရှာဖွေကျွေးနေကြတဲ့ မိသားစုအတွက် သားသမီးတွေကိုယ်တိုင်က နားလည်စွာဖြင့် မိဘတွေကို တစ်နည်း ကျေးဇူးဆပ်ခြင်းဖြင့် ပညာရေးကို ဆုံးခန်းတိုင် သင်ယူစေချင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ ဘဝဆိုတာ ရှိနေသရွေ့ ပန်းတိုင်ဆိုတာ လျှောက်စမြဲပေါ့။ ဒီလိုပဲ ကိုယ့်အတွက် လိုအပ်ချက်တွေရှိသလို မိသားစုမောင်နှမအတွက်လည်း လိုအပ်ချက်တွေကို တစ်စိတ်တစ်ပိုင်း တတ်နိုင်သရွေ့ တစ်ဖက်တစ်လမ်းကနေ မိဘကျေးဇူးအကြေ မဆပ်နိုင်သေးပေမယ့် ပံ့ပိုးကူညီမှုနဲ့ ကျွန်မ ရှေ့ဆက်လျှောက်ရဦးမှာပါလားလို့ မိုးလေးစိပ်စိပ် အေးချမ်းမှုတွေ ပေးစွမ်းနေပေမယ့် ပူလောင်နေတဲ့ ရင်တစ်စုံနဲ့ ကျွန်မ တွေးတောနေမိပါရောလား။
စာရေးသူ မနောဖြူလေး