စီးပွားရေးလုပ်ငန်းများတွင် ICT နည်းပညာကို အသုံးပြုသည့်အတွက် အကျိုးဖြစ်ထွန်းမှုများရှိနိုင်ရန်မှာ ICT ကို အောင်မြင်စွာ အသုံးချနိုင်မှသာ ဖြစ်ပါသည်။ ICT ကို အသုံးပြုသော်လည်း အောင်မြင်စွာ အသုံးမချနိုင်လျှင် အကျိုးဖြစ်ထွန်းမှုကို ကောင်းစွာရရှိနိုင်မည် မဟုတ်ပါ။
စီးပွားရေးလုပ်ငန်းများတွင် ICT ကို အောင်မြင်စွာ အသုံးချနိုင်ရန်အတွက် လက်တွေ့ အကောင်အထည်ဖော်ရာတွင် အခက်အခဲများ ကြုံတွေ့နိုင်သည်ဖြစ်ရာ ယင်းအခက်အခဲများကို ကျော်လွှား နိုင်စေရန် အတွက် တွေ့ကြုံနိုင်သည့် အခက်အခဲ၊ ပြဿနာများကို ကြိုတင်ဆန်းစစ် သိရှိထားနိုင်ရန် လိုအပ်ပါသည်။
၁။ တွေ့ကြုံနိုင်သည့် အခက်အခဲများ
(က) ICT လုပ်ငန်းဆောင်ရွက်မှု ပြုလုပ်မည့် အဖွဲ့အစည်း၏ အားနည်းချက်
မိမိအဖွဲ့အစည်းအတွက် ICT လုပ်ငန်းအကောင်အထည်ဖော်ရန် တိကျရှင်းလင်းသော ရည်ရွယ်ချက် ကောင်းစွာ မသတ်မှတ်နိုင်ခြင်း၊ အကောင်အထည်ဖော်မည့် စီမံကိန်းကို သေချာစွာ မပြုလုပ်ခြင်းတို့ကြောင့် ကွန်ပျူတာစနစ်၏ ဒီဇိုင်းသည် မှန်ကန်မှု မရှိတော့ဘဲ အချိန်ကြာမြင့်ကာ စရိတ်ပိုမိုကုန်ကျတတ်ပါသည်။
(ခ) ကျွမ်းကျင်သော လူအင်အား ပြည့်စုံစွာ မရှိခြင်း
ICT လုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် လုံလောက်သော အရည်အချင်းမီ ကျွမ်းကျင် လူအင်အား ပြည့်စုံစွာ မရှိခြင်း ဖြစ်ပါသည်။ ထို့ကြောင့် စနစ်အကောင်အထည်ဖော်ရန်၊ စနစ်ကို ပံ့ပိုးရန် များစွာ အခက်အခဲ ဖြစ်နိုင်ပါသည်။
(ဂ) ဘတ်ဂျက်လုံလောက်စွာ မရရှိခြင်း
ICT လုပ်ငန်း အကောင်အထည်ဖော်နိုင်ရန်အတွက် လုံလောက်သော ဘတ်ဂျက်နှင့် ငွေကြေး ထောက်ပံ့မှုရှိရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက ICT လုပ်ငန်းကို ရှိသော ဘဏ္ဍာငွေဖြင့် အလုပ်ဖြစ်ရုံမျှသာ လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် လုပ်ငန်းတစ်ပိုင်းတစ်စဖြင့် မပြီးစီးနိုင်သကဲ့သို့ ပြုပြင်ထိန်းသိမ်း စရိတ်လည်း ပိုမိုကုန်ကျနိုင်ပါသည်။
(ဃ) နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲမှု
ICT လုပ်ငန်းများကို အကောင်အထည်ဖော်ရာ၌ အချိန်ကြာမြင့်လျှင် နည်းပညာဆိုင်ရာ ပြောင်းလဲမှုကြောင့် အသုံးပြုလျက်ရှိသော Hardware နှင့် Software များ အသုံးပြုနိုင်မှု လျော့ကျလာခြင်းကို ကြုံတွေ့ရတတ်ပါသည်။
(င) ဝန်ထမ်းများက အပြောင်းအလဲကို လက်မခံလိုခြင်း
ICT နည်းပညာများကို အသုံးပြု၍ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ပါဝင်ဆောင်ရွက်ရသော ဝန်ထမ်းများအနေဖြင့် ချက်ချင်း ယုံကြည်လက်ခံမှု မရှိနိုင်သေးခြင်း၊ နည်းစနစ် အသစ်ကို လက်ခံအသုံးပြုရန် ဝန်လေးခြင်းတို့ ဖြစ်တတ်ပါသည်။
(စ) ကြီးကြပ်မှု အားနည်းခြင်း
ICT လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်ကို တာဝန်ခံ၍ ဆောင်ရွက်သူများက လက်တွေ့လုပ်ငန်းအကောင်အထည်ဖော်မှုအပေါ် ကြီးကြပ်မှု အားနည်းခြင်း ဖြစ်ပါသည်။
(ဆ) ယုံကြည်စိတ်ချမရမှု (Trust) မရှိသေးခြင်း
အဖွဲ့အစည်းများ၏ ICT လုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများ၊ ပြည်သူလူထု စသည်တို့သည် ICT လုပ်ငန်းအပေါ် ယုံကြည်စိတ်ချမှု မရှိသေးခြင်းကြောင့် ICT Service ကို လက်ခံရန် ဝန်လေးကြခြင်းမျိုးကို ကနဦးပိုင်းတွင် တွေ့ရတတ်ပါသည်။
အထက်ဖော်ပြပါ အခက်အခဲများကို ကျော်လွှားနိုင်ရန် (သို့) လျော့နည်းသွားစေရန်အတွက် ICT လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့်ဌာနများသည် စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်ပါသည်။
၂။ အခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ
(က) ICT လုပ်ငန်းစီမံချက် သေချာစွာ ရေးဆွဲခြင်း
ICT လုပ်ငန်းစီမံချက်ကို သေချာစွာ ကြိုတင်ရေးဆွဲပြီး အပိုင်းကဏ္ဍအလိုက်၊ လုပ်ငန်းရပ်များအလိုက် အကောင်အထည်ဖော်ရမည်များကို အသေးစိတ် စီမံထားရန် လိုအပ်ပါသည်။ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် လိုအပ်မည့် သွင်းအားစုများကိုလည်း ပြည့်စုံစွာ စီမံထားရှိရန် လိုအပ်ပါသည်။ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် လိုအပ်မည့် သွင်းအားစုများကိုလည်း ပြည့်စုံစွာ စီမံထားရှိရန် လိုအပ်ပါသည်။ လက်တွေ့အကောင်အထည်ဖော်ရာတွင် တာဝန်ယူမည့် Agency ကိုလည်း လုပ်ပိုင်ခွင့်များ အပြည့်အဝ ပေးအပ်ထားရန် လိုအပ်ပါသည်။ မိမိအဖွဲ့အစည်းမှ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းမရှိသော လုပ်ငန်းများကိုလည်း တတ်နိုင်သမျှ ပြင်ကအဖွဲ့အစည်းများနှင့် တွဲဖက်ဆောင်ရွက်ရန် (Outsource, not in-house) စီမံထားရမည် ဖြစ်သည်။
(ခ) လူအင်အား ပြည့်စုံစွာ ပြုစုပျိုးထောင်ခြင်း
ICT လုပ်ငန်းများ အကောင်အထည်ဖော် အောင်မြင်နိုင်ရေးအတွက် အရေးကြီးဆုံး လိုအပ်ချက်တစ်ရပ်မှာ ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော လူအင်အားပြည့်စုံမှုရှိရန် ကြိုးပမ်းခြင်း ဖြစ်ပါသည်။ မိမိအဖွဲ့အစည်းအတွင်းမှသော်လည်းကောင်း၊ ပြင်ပမှသော်လည်းကောင်း တတ်နိုင်သမျှ စုစည်းဆောင်ရွက်ရန် လိုအပ်ပါသည်။ အဖွဲ့အစည်းအတွက် Change Management ပြုလုပ်ပေးရန် လိုအပ်သကဲ့သို့ ပါဝင်ဆောင်ရွက်မည့် ဝန်ထမ်းများအားလည်း ICT လုပ်ငန်း အကောင်အထည်ဖော်ရင်း Knowledge Worker များအသွင်သို့ ပြောင်းလဲသွားနိုင်မည့် အခြေအနေမျိုးဖြစ်ပါသည်။
(ဂ) လုပ်ငန်း ငွေကြေးလိုအပ်မှုကို အဖြေရှာခြင်း
လုပ်ငန်းများတွင် ICT အကောင်အထည်ဖော်နိုင်ရန် ဘဏ္ဍာရေး အကူအညီရရှိနိုင်မည့်နည်းလမ်းမှာ ပုဂ္ဂလိက ကုမဏီများအား BOT, BOO, BTO စသော နည်းလမ်းတစ်မျိုးမျိုးဖြင့် ပါဝင်ဆောင်ရွက်စေခြင်းပင် ဖြစ်ပါသည်။
(ဃ) ယုံကြည်မှုရရှိရန် ထူထောင်ခြင်း
ICT ကို အသုံးပြုမည့် ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ယုံကြည်စိတ်ချစွာ အသုံးပြုလာစေရန် စည်းရုံးဆွဲဆောင်မှုများဖြစ်သော လွယ်ကူလျင်မြန်ခြင်း၊ လုံခြုံစိတ်ချမှုရှိခြင်း စသည်တို့အား လက်တွေ့ပြသခြင်းဖြင့် ယုံကြည်စိတ်ချမှု ပိုမိုရရှိလာနိုင်မည် ဖြစ်ပါသည်။
(င) လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ISO Standard အသုံးပြုခြင်း
လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်ကို အသုံးပြုသူများသည် စနစ်တီထွင်ထုတ်လုပ်သူများ၊ စနစ်ကြီးကြပ်ဆောင်ရွက်သူများ စသည်အားဖြင့် ကဏ္ဍမျိုးစုံမှ လူပုဂ္ဂိုလ်တို့ ပါဝင်သည်ဖြစ်ရာ ယင်းတို့အပေါ် ကြီးကြပ်မှုအားကောင်းရန် လိုအပ်ပါသည်။ ထို့ကြောင့် လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ရာ၌ ISO Standard ကို အသုံးပြု၍ Implementation Project Management ပြုလုပ်သွားမည်ဆိုပါက စဉ်ဆက်မပြတ် ကြီးကြပ်မှုအားကောင်းနိုင်သောကြောင့် စနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါတော့သည်။
Good