Interview

Metal Guitarist ကိုညီညီထွေးနှင့် တွေ့ဆုံခြင်း

Metal Guitarist တစ်ဦးဖြစ်သလို၊ Guitar နှင့် ပတ်သက်သော သင်တန်းများ၊ အသံဖမ်းခြင်းနှင့် ပတ်သက်သော သင်တန်းများကို ပို့ချပေးလျှက်ရှိတဲ့ ကိုညီညီထွေးကို ကျွန်တော်တို့ မြန်မာအိုင်စီတီအဖွဲ့မှ ဒီတစ်ပတ် StreetWise ကဏ္႑အတွက် သွားရောက် မေးမြန်းဖြစ်ခဲ့ပါတယ်။

ဆရာ့ရဲ့ ဂီတလမ်းကြောင်းထဲ စတင်ဝင်ရောက်လာချိန်လေးကို ပြောပြပေးပါ။
ကြာတော့ကြာပြီ၊ ဂီတလမ်းကြောင်းထဲကို စရောက်တာက ၁၉၈၃ လောက်ကပါ။ ဒါပေမယ့် တစ်ကယ်တမ်း သင်တန်းပေးတာကို ဦးတည်ပြီး လုပ်တာကတော့ ၁၉၈၈ ပေ့ါ။

ဆရာ အနေနဲ့ ဘာဖြစ်လို့ Band ၁ Band ရဲ့ Player တစ်ယောက် မလုပ်ပဲ သင်တန်းဆရာ ဖြစ်လာပုံလေး။
Band ၁ Band ရဲ့ Player ဘာလို့ မလုပ်ဖြစ်တာလဲဆိုတော့ ဒီနိုင်ငံနဲ့ပဲ ပြောရမှာပေ့ါ။ မြန်မာနိုင်ငံကလည်း Music ပေါင်းစုံ၊ ပုံစံမျိုးစုံနဲ့ ရပ်တည်မှ Player ဖြစ်တယ်လို့ ဆိုနိုင်တယ်၊ ကိုယ်ကျတော့ Music တစ်ခု ဥပမာ – Rock တွေ Metal တွေ ကြိုက်တယ်။ နောက် Classical ပေါ့၊ Classical ဆို သီဆိုတဲ့ အသံ မပါဘူး၊ အဲဒီလို အတီးတွေကြီးပဲ ပိုလေ့လာဖြစ်တော့ ကိုယ့်လိုင်းနဲ့ ဒီက Music လိုင်းနဲ့ ပြတ်နေတော့ သင်တန်းပေးတဲ့လိုင်းကိုပဲ ပိုလုပ်ဖြစ်တာပါ။

ဒါဆို ကျွန်တော်တို့ အိုင်တီဘက်လှည့်ရအောင် – ဆရာက Guitar သမား တစ်ယောက်အနေနဲ့ IT အပေါ် အကောင်းအမြင်နဲ့ အဆိုးအမြင်။
IT ပစ္စည်းက ကောင်းပါတယ်၊ ဂီတသမား တစ်ယောက်အတွက်ကိုလည်း တော်တော် အထောက်အကူ ပြုနိုင်ပါတယ်၊ အထူးသဖြင့် အရင်တုံးက ဒီ Guitar တီးတဲ့ ဟာကို ဘာဖြစ်လဲဆိုတော့ Guitar တီးပြီး ကွန်ပျူတာ ကိုင်ရင် ကွန်ပျူတာက ခံစားမှုနဲ့ ဂီတမှာ မထိရောက်လောက်ဘူးလို့ ထင်ခဲ့ပေမယ့် တစ်ကယ်တမ်း သုံးကြည့် လိုက်တော့ တော်တော်ကြီးကို ဂီတအတွက် ၅၀ ရာခိုင်နှုန်းလောက်ကို ထောက်ပံ့ပေးနိုင်တာကို တွေ့ရတယ်။

အဆိုးအမြင်အနေနဲ့ကော ဆရာ၊ IT ရဲ့ ဆိုးကျိုးတွေပေါ့။
ကိုယ်သုံးနေတဲ့ လက်ရှိလုပ်ငန်းတွေထဲမှာတော့ ကွန်ပျူတာ ပျက်တာနဲ့ Virus ကိုက်တာလောက်ပဲ ရှိမယ်၊ ကျန်တဲ့ဟာတွေကတော့ အကောင်းတွေကြီးပဲ။

ဒါဆိုကွန်ပျူတာက ဂီတသမားတစ်ယောက်အတွက် ဘယ်လောက် အထောက်အကူ ပြုနိုင်မလဲ။
ကိုယ့်အတွေ့အကြုံနဲ့ပဲ ပြောရရင်… အရင်တုံးက Recording တီးတယ်ဆိုရင် အမြဲတမ်း ကိုယ့် Guitar ကြီးတွေပဲ ယူယူသွားတယ်၊ ကိုယ်ကလည်း ဒီ Guitar ကို Crazy ဖြစ်တော့ Studio သွားရင် Guitar သယ်ရတယ်၊ Effect တွေ သယ်ရတယ်၊ Studio ရောက်တော့ Engineer က တစ်ခါတစ်ခါကျရင် သူတို့က အလုပ်ပင်ပန်းတော့ ဖမ်းပေးချင်သလိုလို၊ မဖမ်းပေးချင်သလိုလို လုပ်တာလေးတွေရှိတယ်၊ နောက် Recording သွားဖို့ဆိုရင်လည်း တော်တော် အချိန်ယူ ရတယ်၊ ရောက်တယ်ဆိုရင် ဖီလင်လာလည်းတီး မလာလည်း တီးရတာပဲ၊ ဒီဘက်ခေတ်ရောက်လာတော့ ဘယ်လိုဖြစ်လဲဆို ကွန်ပျူတာ တစ်လုံးရှိတယ်၊ Sound Card တစ်ခု ရှိတယ်ဆို ကိုယ့်ဟာကို အိမ်မှာ Recording လုပ်လို့ရပြီ၊ Effect တွေလည်းပါပြီး နည်းပညာတွေလည်း အရမ်းကြီးကောင်းလာတော့ ကိုယ်နဲ့ အသုံးတည့်တဲ့ဟာကို ရှာဖွေရင်းနဲ့ လုပ်ရတာပိုပြီး အဆင်ပြေပါတယ်။

ဒီလိုဆိုရင် ဆရာ့အနေနဲ့ ကွန်ပျူတာနဲ့ ဒီအနုပညာပေါင်းစပ်မှုပေါ့ ဘယ်လိုမျိုးအသုံးချဖြစ်လည်း ဆိုတာလေး ဖြေပေးပါ။
ကိုယ်က Guitar တီးတော့ ဒီလိုမျိုး ကွန်ပျူတာနဲ့ တွဲဖက်တဲ့အခါမျိုးမှာဆိုရင် တတ်နိုင်သမျှ Guitar ရဲ့ ထောင့်ကပဲ တီးတယ်၊ ကွန်ပျူတာကို ဘယ်နေရာမှာ အသုံးချလဲဆိုတော့ Recording ဖမ်းတဲ့နေရာမှာ အသုံးချတယ်၊ ကိုယ်မှားတဲ့ဟာကို ဥပမာ Pro ll ဆိုရင် international က သုံးတဲ့ software လည်းဖြစ်တယ် Sound Card လည်းရှိတယ် သူ့ရဲ့အားသာချက်က speed ကိုချလို့ရတယ်၊ speed ကိုချပြီး နှေးပြီးတော့ တီးလိုက်တယ်၊ ကိုယ်ကတော့ Speed ကို အနှေးချပြီး တီးလိုက် တယ် ပြီးတော့ ပြန်မြန်လိုက်ရင် ကိုယ့်လက်သံကြီးက မြန်နေရော၊ ဒါပေမယ့် အဲဒါမျိုးကျတော့ ဂီတသမားတစ်ယောက်ရဲ့ သိက္ခာနဲ့ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်မှာ ကိုယ့်ကို သိတယ် အဓိပ္ပါယ်မရှိဘူးဆိုတာမျိုးပေ့ါ၊ အဲဒီလိုမျိုးလေးတွေဆို ကိုယ်က ရှောင်တယ်၊ ကိုယ်သုံးချင်တဲ့ တစ်ကယ့် Real ဖြစ်တဲ့ အသံမျိုးကိုပဲ စိတ်ဝင်စားတယ်။

အင်တာနက်ဆိုတာရော တိုင်းပြည်တစ်ပြည်မှာ လူတစ်ယောက်အတွက် ဘယ်လောက်အထိ လိုအပ်မလဲ၊ ဆရာ့ရဲ့ အမြင်လေး။
အင်း… ပွင့်ပွင့်လင်းလင်းပြောရင် ကွန်ပျူတာကို စသုံးဘူးတာက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက စသုံးဘူးတယ်၊ အဲဒီအရှေ့မှာ ဘာသုံးရလဲဆိုရင် Sequencer ဆိုတာ ရှိတယ်၊ Micro တို့ MC တို့ R8 လို့ သူတို့ ခေါ်တာလေးတွေ ရှိတယ်၊ အဲဒီကောင်တွေနဲ့ Program တွေရေးပြီး အလုပ်လုပ်ရတာ၊ ဘာပြဿနာရှိလဲ ဆိုတော့ Sequencer တစ်လုံးနဲ့တစ်လုံးမှာ midi ပေါ့ midi ဆိုတဲ့ Cable တွေနဲ့ ချိတ်ရတာ အဲဒါမျိုးတွေက အဆင်မပြေဘူး၊ အခုနောက်ပိုင်းဘယ်လို ဖြစ်လာလဲဆိုတော့ midi အကြောင်းသိချင်ရင် အင်တာနက်မှာ တစ်ခါတည်း Research လုပ်တယ်၊ ဒါကိုယ့်အပိုင်းကိုပြောတာပေ့ါ၊

ဒါဆို ဆရာ အင်တာနက်ကိုရော ဘယ်လိုအသုံးချဖြစ်လဲ။
ကွန်ပျူတာ စသုံးတုံးကလည်း စမ်းတဝါးဝါးပဲ၊ နောက်အင်တာနက်ဆိုင်တွေ ပေါ်လာရော၊ ပထမဆုံး အင်တာနက်သုံးဖြစ်တာက ဗိုလ်အောင်ကျော်လမ်းက Softlink ပါ၊ အဲဒီမှာ သွားသွားသုံးရင် အဲဒီတုံးက mysongbook.com ဆိုပြီး Note တွေကို Download ရတော့ အဲဒါပဲ ကြည့်ဖြစ်တယ်၊ ကိုယ်တွေကလည်း စာအုပ်ရူး ရူးတော့ အရင်တုံးကဆို သူများတွေဆီကနေ ရှိတဲ့စာအုပ်ကို ကော်ပီဆွဲရတယ်၊ ပြီးမှ လေ့ကျင့်ရတာ။ အဲဒီနောက် ကွန်ပျူတာကို နည်းနည်းသိလာတဲ့အခါကျတော့ အင်တာနက်ရဲ့ အသုံးဝင်ပုံကိုပါ လေ့လာဖြစ်တယ်။ ပြီးတော့ ဂီတနဲ့ပတ်သက်တဲ့ Note တွေ၊ ဥပမာ Guitar Pro software ပေါ့ Guitar Pro ရဲ့ Note တွေကို အင်တာနက်မှာ ရှိပြီးသား၊ ပြီးတော့ အလကားလည်း Download လုပ်လို့ရတယ်။ ဒါပေမယ့် သူက vote ပေးထားတယ်၊ ကြယ် ငါးခုလောက်ရတယ်ဆိုရင် သီချင်းက တော်တော်တူတယ်ပေ့ါ၊ ၁ ခု၊ ၂ ခုလောက်ပဲရှိတယ်ဆိုရင်တော့ သိပ်မတူဘူးပေါ့။ အဲဒီမှာ ဘာတွေ့ရလဲဆိုရင် Download လုပ်ပြီး လေ့ကျင့်ရတာ စာအုပ်ထက် ပိုကောင်းတာကို တွေ့ရတယ်။ စာအုပ်က တစ်ခါကျရင် သီချင်းမကြားဘူးဖူး၊ စာအုပ်ထဲက Note တွေကို ဘယ်လို Timing မှန်းမသိဘူး၊ Guitar Pro ကျတော့ ဖွင့်လိုက်တာနဲ့ Note တွေက Play သွားတယ်။ ဒါက ကိုယ့်အတွက် အင်တာနက်ရဲ့ ကောင်းကျိုးပေ့ါ။

ဆရာ အင်တာနက် သုံးတယ်ဆိုရင် ဘယ်လို Website တွေ အများဆုံး ဝင်ကြည့်ဖြစ်လဲ။
Website ရယ်လို့ သတ်သတ်မှတ်မှတ် မထားဖြစ်ဘူး။ ကိုယ် Search လုပ်ချင်တဲ့ဟာကို အရင်ဆုံး စရှာတယ်၊ ဥပမာ Sound Card တစ်ခုကို ကိုယ်က သိချင်တယ်၊ လိုချင်တယ်ဆိုရင် Sound Card လို့ Google မှာ အရင်ရှာတယ်၊ သူဖော်ပြပေးတဲ့အထဲမှာမှ ကိုယ်စိတ်ဝင်စားတဲ့ ဟာကိုကြည့်တယ်၊ ပြီးရင်တော့ Price ထပ်ရိုက်တယ်၊ အဲဒီတော့မှ သူ Website လေးတွေကို ဆိုင်ရာဆိုင်ရာ ညွှန်းထားတဲ့အတိုင်း သွားတယ်။ အသေမထားထားတော့ဘူးပေါ့။ ဒါပေမယ့် များသောအားဖြင့် note ထုတ်ရင်တော့ ultimateguitartab.com ရယ် 911tab.com ရယ်၊ mysongbook.com တို့ကို အသုံးပြုပါတယ်။

ဆရာ Gmail တို့ Facebook တို့ရောသုံးဖြစ်လား၊ ဘယ်ဟာကို အများဆုံး သုံးဖြစ်လဲခင်ဗျ။
အင်း… Gmail နဲ့ Gtalk ကို အများဆုံး သုံးဖြစ်တယ်၊ ဘာလို့ဆို အဝေးရောက်နေတဲ့ သင်တန်းသားတွေရော်၊ မိတ်ဆွေတွေရော် သတိရတဲ့အခါမျိုးတွေ သုံးဖြစ်တယ်၊ နောက် သင်တန်းသားတွေက သူတို့မသိတဲ့ ဟာမျိုးလေးတွေကို Gmail မှာ မေးထားတာလေးတွေ ရှိတယ်၊ အဲဒီလိုဆို ကိုယ်အားနေရင် အဆင်ပြေရင် ပြေသလို ပြန်ပြန်ဖြေပေးတယ်။

Gadgets လေးတွေဆိုရင်ကော် ဆရာဘယ် Brand တွေ ရွေးသုံးဖြစ်လဲ။
ကိုယ်တို့က Music သမား ဖြစ်တော့ ဒီ Sound Card ပေ့ါ Interface လို့လည်း ပြောလို့ရတာပေ့ါ Brand ထက်ကို Latency ခေါ်တာပေါ့ Latency ဘယ်လောက်ကိုက်လဲ၊ Hardware ရဲ့ အလုပ်လုပ်တဲ့ အပိုင်းပေါ့ ဥပမာ – Pro ll ကိုရလား၊ ဒီပြင် Software တွေရလား၊ နောက် plug-in တွေ ဆွဲထည့်တဲ့ အခါမျိုးမှာ support လုပ်လား အရင်ဆုံး ကိုယ်ဝယ်မယ့် ပစ္စည်းရဲ့ ဇာတ်ကြောင်းကို စလေ့လာရတာပေ့ါ။ အခုလောလောဆယ်တော့ M-AUDIO 610 Profire ဆိုတဲ့ ကဒ်တစ်ခု သုံးထားတယ် ဒီကောင်က ၆ လိုင်းဝင် ၁၀ လိုင်းထွက်ဆိုတော့ ကိုယ့်အတွက်က လုံလောက်ပါတယ်၊ ပြီးတော့ တစ်ခုကောင်းတာက Recording တီးရင် Gain အပြည့်ရတယ်၊ ဂစ်တာတွေအတွက်လည်း ပိုကောင်းတယ်၊ ကွန်ပျူတာကတော့ လောလောဆယ် Core2Duo 2.6 GHz ပဲသုံးတယ် Motherboard ဆိုရင်တော့ Gigabyte သုံးပါတယ်။ Gigabyte ကိုတော့ နည်းနည်းကြိုက်တယ်၊ ကိုယ် Music ပိုင်း လုပ်တာတော့ အခုထိ ဘာ error မှ မရှိဘူး။ ပြီးတော့ တစ်ခုရှိတာက မော်နီတာကို ၂ လုံး သုံးရတာကို ကြိုက်တယ်၊ ၂ လုံးခွသုံးရင် တစ်ဖက်က မော်နီတာမှာ Recording ရဲ့ setting ထားလို့ရပြီး တစ်ခုမှာ Track ရဲ့ Preview တွေ ကြည့်လို့ရတယ်၊ အဲဒီတော့ ဟိုဘက်ဒီဘက် mouse လှမ်းကိုင်စရာ မလိုဘူးပေါ့၊ Graphic Card ကိုလည်း ၂ ခု သုံးရတာပေါ့။

ဆရာ ဒါဆိုကိုယ့်အိမ်မှာ Recording အသေးစားလေးလုပ်ချင်တယ်ဆိုရင် ငွေကြေးအနည်းငယ်နဲ့ပေ့ါ အဲဒီလိုမျိုးဆိုရင် ဘာတွေ သုံးသင့်လဲခင်ဗျ။
အမှန်က အိမ်မှာ ကွန်ပျူတာရှိတာနဲ့တင် Recording လုပ်လို့ရပြီ၊ အကုန်လုံးက အတူတူပဲ ဒါပေမယ့် သူ့ရဲ့ အသံပါဝါ ပြည့်တာ မပြည့်တာ၊ ပြီးတော့ Quality ၊ ရိုးရိုး CD နဲ့ ထွက်တဲ့ ဟာက 44.0 16 bit ပေ့ါ၊ Recording ကျတော့ 48 24 bit ဆိုပြီး နည်းနည်း bitrate တက်လာတယ် ပိုကြည်လာတယ်၊ 44 16 နဲ့ တီးမယ်ဆိုရင် ကိုယ့်အိမ်မှာ ကိုယ်တီးလို့ရတယ်၊ အဲဒီထက်ပိုပြီးလိုချင်တယ်ဆိုရင်တော့ Sound Card လိုလာပြီ၊ ဒါပေမယ့် ကိုယ်မှာ ဘာမှမရှိရင်လဲ ပြဿနာမရှိဘူး Nuendo တို့လို software တွေက Sound Card မရွေးပဲနဲ့ အလုပ်လုပ်လို့ရတယ်။ ကိုယ့် ကွန်ပျူတာမှ နဂိုပါလာတဲ့ sound card မှာ mic in၊ line in ဆိုပြီး ရှိတယ်၊ mic in ကနေပြီးတော့ microphone ထည့်လို့ရတယ် line in ကနေပြီးတော့ Guitar ထည့်လို့ရတယ်၊ တစ်ချို့က mic in တစ်ခုပဲပါတယ် အဲဒီလိုဆိုရင်လည်း Guitar လိုင်း ၁ လိုင်းကို 1.4 jet က အကြီးကနေ အသေး ပြောင်းတဲ့ဟာလေးတစ်ခုနဲ့ ပြန်သုံးရင် အဆင်ပြေတယ်။

ဆရာငွေရေးကြေးရေးကို မေ့ထားပြီး ကိုယ်သုံးချင်တဲ့ ဟာတွေကြီးပဲ ဆင်မယ်ဆိုရင်ရော ခင်ဗျာ။
တွေ့တာအကုန်သုံးချင်တယ်၊ ဘာလို့ဆို တစ်ခါတလေကျတော့ ပိုက်ဆံမတတ်နိုင်လို့ စိတ်လျှော့လိုက်ရတဲ့ ဟာမျိုးတွေရှိတယ်၊ ဥပမာ – ကိုယ့် Sound Card တို့ Home Recording လောက်ပဲ ကောင်းတယ်၊ တစ်ကယ့် World Wide ဖြစ်ဖို့ဆို Pro ll HD တို့ဘာတို့ ဝယ်သုံးချင်တာပေ့ါ။

ဆရာအခုဂီတခေတ်ရေစီးကြောင်းမှာအသစ်ထွက်နေတဲ့ မျက်နှာသစ်လူငယ်လေးတွေအပါ် အမြင်လေး ပြောပြပေးပါဦး။
ကောင်းပါတယ်။ ပြောစရာဘာမှမရှိပါဘူး၊ ကိုယ်တိုင်ကလည်း ကြိုးစားရတာပေ့ါ၊ ဂစ်တာတီးတယ်၊ သင်တန်းပေးတယ်ဆိုပေမယ့်လည်း အခုထိကို လေ့လာနေရတုံးပါပဲ။ အခုတက်လာတဲ့ သူတွေရော်၊ နောင်တက်လာမယ့် သူတွေရော် ကြိုးစားဖို့ ပြောချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ဂီတပြေးလမ်းပေါ်လျှောက်လှမ်းနေကြတဲ့ လူငယ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါ။
အခုတိုင်းပြည်အခြေအနေကလည်း အခွင့်အလမ်းတွေ ပွင့်လာတဲ့ အချိန်ဖြစ်နေတော့ နည်းပညာတွေရော၊ လူတွေရော၊ စိတ်ဓါတ်တွေရော အကုန် ကြိုးစားကြဖို့ လိုပါတယ်၊ ရှေ့ရောက်နေတဲ့သူတွေကလည်း ကိုယ့်အဆင့်မကျသွားအောင် ကြိုးစားကြဖို့လိုပါတယ်။

ဆရာ့ကို ဆက်သွယ်ချင်တယ်ဆိုရင်
ကိုယ့်ကို ဆက်သွယ်ဖို့က အမှတ် (၁၅၂) ဘီ၊ ၈လွှာ၊ မြန်မာ့ဂုဏ်ရည်လမ်း၊ ကန်တော်လေး၊ မင်္ဂလာတောင်ညွန့်၊ ရန်ကုန်ပါ။

ဟုတ်ကဲ့ အခုလို အိုင်စီတီဂျာနယ်မှ သိချင်တာတွေကို စိတ်ရှည်လက်ရှည် ဖြေကြားပေးသွားတဲ့ ကိုညီညီထွေးကို ကျေးဇူးပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *