Interview

5 Network မှ Motion Designer နှင့် Program Producer တို့နှင့် တွေ့ဆုံခဲ့ရသမျှ

ပထမဆုံးအနေနဲ့ အစ်ကိုရဲ့ Profile မိတ်ဆက်ပေးပါ။
ကျွန်တော့်နာမည်အရင်းက နေလင်းလွင်။ ကျွန်တော် မွေးတာက မော်လမြိုင်မှာ၊ ရန်ကုန်မှာ ကြီးတာ။ ကျွန်တော်က မောင်နှမ နှစ်ယောက်ရှိတယ်။ Family Entertainment ကို ၂၀၀၆ ခုနှစ်မှာ စ၀င်ဖြစ်တယ်။ နောက်ပိုင်း နှစ်နှစ်၊ သုံးနှစ်အတွင်းပိုင်းမှာ Production ပိုင်းကို ရောက်လာတယ်။ Production ပိုင်းမှာ ရုံးတွင်း In House Program တွေ၊ Talk Show Program လေးတွေ စရိုက်ဖြစ်တယ်။ နောက်ပိ်ုင်း သတင်းပဲ ရိုက်ဖြစ်တယ်။ အခုတော့ Program Producer လုပ်တယ်၊ ပွဲတွေမှာရိုက်ဖို့အတွက် Arrange လုပ်တယ်။

အခုလို အောင်မြင်တဲ့သူတစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့အတွက် ဘယ်လို ကြိုးစားခဲ့ရသလဲဆိုတာ ပြောပြပေးပါ။
ကျွန်တော်ကြိုးစားခဲ့ရတာကိုသိရင် သူများတွေ ရယ်မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် တစ်သက်လုံး စွဲစွဲမြဲမြဲ လုပ်တာတစ်ခုပဲရှိတယ်။ အဲဒါက ကျွန်တော် ရုပ်ရှင်ကြည့်တာပဲ။ ကျွန်တော် ရုပ်ရှင်ကြည့်ရင်းနဲ့မှ လုပ်စရာတွေ ပေါ်လာတယ်။ Idea တွေ ရလာတယ်။ ရုပ်ရှင်ကို လုံး၀ အပြတ်မခံဘူး။ ရုပ်ရှင်ကကျွန်တော့်ဘ၀မှာ အရေးပါဆုံးပဲ။

ဘယ်လိုသင်တန်းမျိုးတွေ တက်ခဲ့သလဲဆိုတာ ပြောပြပေးပါ။
ကျွန်တော်သင်တန်းကတော့ IDCS ပဲ တစ်ခါတက်ဖူးတယ်။ ရုပ်ရှင်နဲ့ ပတ်သတ်ပြီး သင်တန်းတော့ မတက်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် Online တစ်ခုလုံး ရှိတဲ့အတွက် သင်တန်း တစ်ခု လိုပါပဲ။ အင်တာနက်မှာ ကျွန်တော် ရှာဖတ်ဖြစ်ပါတယ်။ အထက်လူကြီးတွေက ဖတ်ဖို့လာပေးရင်လည်း လေ့လာဖြစ်ပါတယ်။ ကျွန်တော့်ထက် ဒီလောကကို စရောက်နေကြတဲ့ သူငယ်ချင်းတွေ အများကြီး ရှိပါတယ်။ သူတို့တွေကနေ ကျွန်တော်သိချင်တာရှိရင် မရှက်ဘူူး မေးတယ်။ ဒါဆိုရင် အစ်ကိုက အင်တာနက်ကို အဓိက အသုံးပြုပြီး self-study လုပ်ဖြစ်တဲ့ သဘောပေါ့။ ဟုတ်တယ်။ TV Program နဲ့ ပတ်သက်ရင်တော့ Media College ဆိုတဲ့ site ကို ဝင်ကြည့်တယ်၊ အဲဒီမှာဆိုရင် Interview ကို ဘယ်လိုရိုက်ရလဲ Interviewer က ဘယ်နားနေရလဲ ဆိုတာကအစ အကုန်ကြည့်လို့ရတယ်။

ကိုယ်ပိုင် Broadcasting Service နဲ့ Channel သစ်တစ်ခု လွှင့်တင်နိုင်ဖို့အတွက် ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ထင်ပါသလဲ။
အခက်အခဲတွေက အများကြီးရှိတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ရက် (၆)နာရီစာ Program တစ်ခု ပြမယ်ဆိုရင် တစ်ပတ် (၄၂) နာရီစာ Program လက်ထဲမှာ ရှိရ မယ်။ အဲဒီလို Program ပိုင်းတွေ အများကြီး ပြင်ဆင်ဖို့ လိုအပ်တယ်။ ကိုယ့်လက်ထဲမှာ Program တွေ ခြောက်လစာ၊ တစ်နှစ်စာလောက် မစုထားဘဲ ကိုယ်ပိုင် Broadcasting တစ်ခုလုပ်ဖို့ မလွယ်ဘူး ထင်တာပဲ။

ရိုက်ကူးရေးတွေ ပြုလုပ်တဲ့အခါ ဘယ်လိုကင်မရာအမျိုးအစားတွေ အသုံးပြုပါသလဲ။
ကျွန်တော့်တို့ရုံးမှာ သုံးတဲ့ကင်မရာအမျိုးအစားကတော့ Sony EX3, Sony NH70 အဲဒီနှစ်မျိုးနဲ့ ရိုက်ဖြစ်တယ်။ ပြီးတော့နောက်ပိုင်း အဓိက ထားပြီး သုံးဖြစ်တာက Canon 500 ရော 600 ရော သုံးဖြစ်ပါတယ်။

ဘယ်လိုစွမ်းရည်တွေကြောင့် အခုလို ကင်မရာတွေကို အသုံးပြုဖြစ်ပါသလဲ။
Sony Video Camera NH70 ရော EX3 ရော Fully HD support ပေးတယ်။ အဲဒါအဓိကပဲ။

မြန်မာရုပ်ရှင်ကားတွေမှာ ထူးခြားတဲ့ Effect သုံးထားတာ သိပ်မတွေ့ရပါဘူး။ ဘာကြောင့်လို့ထင်ပါသလဲ။
ကျွန်တော် ထင်တာက အဓိက အချိန်မပေးနိုင်တာရယ်။ နည်းပညာတချို့လိုအပ်နေတာရယ်ကြောင့်လို့ ထင်ပါတယ်။ CG (Computer Graphic) ဆိုရင် ကျွန်တော်တို့ ရုံးမှာ လုပ်နေတာ တွေ့နေရတာပဲ။ အရမ်း အချိန်ပေးရတယ်။ အရုပ်လေးတစ်ရုပ်လှုပ်သွားဖို့အတွက် အရမ်းအချိန်ပေးရတယ်။ နိုင်ငံခြားမှာ စွမ်းအားမြင့်တဲ့ ကွန်ပျူတာတွေသုံးတယ်။ အဲဒီလ်ို Process ကောင်းတဲ့ ကွန်ပျူတာတွေ သုံးမှဖြစ်မယ်လို့ ထင်ပါတယ်။

ရိုက်ကူးရေးသွားမယ်ဆိုရင် အစ်ကိုအနေနဲ့ ဘယ်လိုပြင်ဆင်လေ့ရှိပါသလဲ။
ကျွန်တောာ်ပွဲတစ်ပွဲသွားတော့မယ်ဆိုရင် အနည်းဆုံးတော့ အဲဒီပွဲရဲ့ Organizer နဲ့ နှစ်ခေါက်၊ သုံးခေါက်လောက် သွားတွေ့တယ်။ အခုခေတ်မှာတော့ Media တွေက အပြိုင်ဖြစ်လာပြီလေ။ ပွဲတစ်ပွဲကို ကိုယ်ဘယ်လောက်အတိုင်းအတာအထိ ရိုက်ခွင့်ရှိမလဲဆိုတာ သိရမယ်။ ပွဲကအခြား Media တွေနဲ့ ချိတ်ထားရင် ကျွန်တော်တို့က အရမ်းရိုက်လို့ မရဘူးလေ။ ကျွန်တော်တို့ Exclusive ပေးတဲ့ ပွဲဆိုရင်တော့ ရိုက်ကူးတဲ့နေရာမှာရော၊ Edit လုပ်တဲ့နေရာမှာပါ လူအင်အား ပိုသုံးတာပေါ့။

အခုခေတ်မှာက အနုပညာကို ခေတ်ပေါ် နည်းပညာတွေနဲ့ ပေါင်းစပ်လာကြတယ်။ အဲဒီအပေါ် အမြင်လေးက။
အရင်တုန်းက ဓါတ်ပုံဆရာတွေ ဖလင်နဲ့ ရိုက်ရတယ်၊ ဖလင်နဲ့ ရိုက်တော့ တစ်ပုံချင်း တစ်ပုံချင်းကို သူတို့ တန်ဖိုးထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖလင်က ဘာမှ ပြန်လုပ်လို့ မရတော့ဘူးလေ။ ရိုက်လိုက်တဲ့ ပုံတွေကလည်း အယူအဆ၊ အလင်း၊ အမှောင်၊ Angle၊ Cropping ဖြတ်တာကအစ အကုန်ကွက်တိ အမှန်။ တကယ့် Professional သမား တစ်ယောက်အနေနဲ့ ပေါ့နော်။ အခုခေတ်မှာကျတော့ ကြိုက်သလိုရိုက်ပြီး နောက်မှပြန် Edit လုပ်တယ်။ အနုပညာ နည်းနည်း ကျနေတယ်လို့ ကျွန်တော်မြင်တယ်။ ဒါပေမယ့်အကုန်လုံးကို ကျွန်တော်ပြောတာတော့ မဟုတ်ပါဘူး၊ အနုပညာနဲ့ နည်းပညာပေါင်းစပ်လို့ ကောင်းလာတာတွေက အများကြီးရှိတယ်။ အခုခေတ် 3D ရုပ်ရှင်တွေက အရမ်းကိ်ု Realism ဖြစ်သွားတယ်။ အပြင်လောကကြီးမှာ တကယ်ဖြစ်နေသလို ခံစားရတယ်။ ဒါကတော့ အနုပညာနဲ့ နည်းပညာပေါင်းစပ်မှု ကောင်းလာတဲ့ အချက်ပဲ။

ပြည်တွင်း နည်းပညာ တိုးတက်မှုအပေါ် အားရကျေနပ်မှု ရှိပါသလား။
ပြည်တွင်းမှာ နည်းပညာ တိုးတက်တာကမှ အရမ်းတိုးတက်တာ။ ကျွန်တော်တို့ ခေတ်တုန်းက ပညာရပ်တစ်ခုကို တတ်မြောက်ဖို့အတွက် ကျွန်တော်ကိုယ်တိုင် လေ့လာ ရတယ်၊ ကြည့်ရတယ်၊ ဒီဘက်ခေတ်မှာ အဲဒီပညာရပ်နဲ့ သက်ဆိုင်တဲ့ ကျောင်းတွေ ပေါ်လာတဲ့အထိကို ဖြစ်လာခဲ့တယ်။ အရမ်းတိုးတက်တယ်။ ကျွန်တော်တို့ လူငယ်တွေ ကြားထဲမှာ နည်းပညာပိုင်း တိုးတက်တာ အားရတယ်လို့ ပြောရမှာပေါ့နော်။

နည်းပညာနောက်ကို အမီလိုက်နိုင်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေအပေါ်မှာရော အစ်ကို့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
နည်းပညာနောက်ကို လိုက်တာကောင်းတယ်၊ ဒါပေမယ့် ပေါ်ပင်လိုက်တာတော့ မဖြစ်စေချင်ဘူး၊ ကျွန်တော်တို့ဆိုရင် ဒီမှာသာ အလုပ်လုပ်နေတာ လွန်ခဲ့တဲ့ လေး ငါးနှစ်လောက်အထိ ဘယ်ဆိုတဲ့ လမ်းကြောင်းကြီးကို ကျွန်တော် သေချာမသိဘူး၊ ဒါပေမယ့်ဒိီနှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ကျွန်တော့် လမ်းကြောင်းအမှန်ကို သေချာ သိသွားတာ၊ ကျွန်တော် ဘာဖြစ်ချင်လဲ ကျွန်တော် သိလာတယ်၊ အဲဒီလိုပဲ နည်းပညာ နောက်ကို လိုက်နေတဲ့ လူငယ်တွေ သူများတွေက Edit ပြောလို့ Edit လိုက်တက်တယ်၊ သူများတွေက Animation ပြောလို့ Animation လိုက်တက်တယ်၊ ပြီးတော့ ကိ်ုယ်တကယ် ဝါသနာပါလားဆိုတာ ကိုယ့်ဘာသာ ကိုယ်ဆုံးဖြတ်၊ ကိုယ်ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာ စဉ်းစားရမယ်။

အစ်ကို အခုအသုံးပြုနေတဲ့ ကွန်ပျူတာလေးအကြောင်း သိပါရစေ။
ကျွန်တော်အခုသုံးတဲ့ Laptop က ကျွန်တော်တို့ သုံးဖို့အတွက် ရုံးက ပေးထားတာ၊ Acer Laptop လေးပါ၊ ဘာ့ကြောင့် သုံးလဲ မေးရင် Program သွားရိုက်တယ်၊ ခရီးသွားတယ်၊ အဓိကက Data Storage အတွက်ပဲ၊ ပြီးရင် Reference တွေ ပြန်ကြည့်တယ်၊ ဘယ်လို ပြန်ကြည့်လဲဆိုတော့၊ ပွဲတစ်ပွဲသွားပြီဆိုရင် Camera Angel ဘယ်လိုလိုချင်လဲ၊ ဘယ်လိုယူချင်လဲဆိုတာ ကျွန်တော်ချပြလို့ မကောင်းဘူး ထင်တယ်လို့ ငြင်းလာခဲ့ရင် ကျွန်တော့်စက်ထဲမှာ ပါလာတဲ့ နိုင်ငံခြားပွဲတစ်ခုကို Reference အနေနဲ့ ပြတယ်။ ဒီ Laptop လေးက အသုံး၀င်လား မေးရင်တော့ အသုံး၀င်တယ်၊ မရှိမဖြစ်ပဲ၊ ဒါမရှိရင် အရင်တုန်းကလို ပုံကြမ်းတွေ ဆွဲရမယ့် အခြေအနေပြန်ရောက် သွားမှာပေါ့ဗျ။

အစ်ကိုအသုံးပြုချင်တဲ့ Handset လေးရှိရင် ပြောပြပေးပါလား။
ကျွန်တော် iPhone တော့ မသုံးချင်ဘူး၊ ကျွန်တော် သုံးချင်တယ်ဆိုရင်တော့ Galaxy ကို ကျွန်တော်သုံးချင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကြီးလို့ဗျ၊ Screen Size ကြီးလို့၊ ကျွန်တော်လက်နဲ့ အားရပါးရနှိပ်ရတာကို သဘောကျတယ်။

ဘယ်လို Website တွေကို ကြည့်ဖြစ်ပါသလဲ။
ကျွန်တော်အဓိကထားပြီးတော့ ကြည့်တာတော့ IMDB ပေါ့၊ Internet Movie Database ကို အဓိက ကြည့်တယ်။ HD Quality တွေ Download ဆွဲလို့ရတဲ့ Site တွေရှိတယ်။ အဲ့လိုဆိုဒ်တွေလည်း ကြည့်ဖြစ်တယ်။ ကျွန်တော် ကြည့်တာကတော့ MSN ရယ် ဒီ IMDB အဲ့ဒီနှစ်ခုကို အဓိက ကြည့်ဖြစ်တယ်။

အစ်ကို facebook ကို ဘာ့ကြောင့် အသုံးပြုဖြစ်လဲဆိုတာ ပြောပြပေးလို့ရမလား။
ကျွန်တော် facebook ကို အဓိက သုံးဖြစ်နေတဲ့အကြောင်းက ကျွန်တော့်အလုပ်နဲ့ အဓိက ဆက်စပ်တယ်။ ကျွန်တော် facebook မှာ သတင်းလေးတွေ ဖတ်မိပြီးတော့ အဲဒီသတင်းနဲ့ ပတ်သတ်တဲ့ သတင်း Program တွေ ထွက်ရိုက်တာတွေ ရှိတယ်၊ facebook မှ မဟုတ်ဘူးဗျ၊ ဂျာနယ်လည်း ဖတ်တယ်၊ သတင်းစာလည်း ဖတ်တယ်၊ အဲဒါတွေက ကျွန်တော့်အတွက် ကုန်ကြမ်းရတယ်လို့ ကျွန်တော်မြင်တယ်။

အစ်ကိုအနေနဲ့ အခုလို Program Producer ကောင်း တစ်ယောက်ဖြစ်လာအောင် ခြေလှမ်းစလှမ်းခဲ့ရလဲဆိုတာ ပြောပြပေးပါ။
ကျွန်တော်ကဖြစ်နေပြီ မဟုတ်ဘူးဗျ၊ ကျွန်တော်က အခုချိန်ထိ ကြိုးစားတုန်းပဲ ရှိသေးတာ၊ နိုင်ငံတကာ အနေအထားထိ လှမ်းကြည့်လိုက်၊ အဲဒါမှ တကယ်အောင်မြင် တယ်လို့ဆိုနိုင်တာ၊ အဲဒီလူတွေကို အားကျပြီး ကျွန်တော်က သူတ်ို့လုပ်တဲ့အတိုင်း အတုယူပြီးလိုက်လုပ်တာ၊ ပြီးတော့ သူတို့လုပ်တဲ့ Theory အတိုင်း လိုက်လုပ်တာ၊ Program Producer တစ်ယောက်ဖြစ်အောင် ဘယ်လို စလှမ်းခဲ့လဲဆိုရင် ကျွန်တော်ငယ်ငယ်တုန်းက ရုပ်ရှင်ကြည့်လွန်းလို့ အရမ်းအဆူခံရတယ်၊ ကျွန်တော် TV လည်း ကြည့်တယ်၊ ရုပ်ရှင်လည်း ကြည့်တယ်၊ အဲဒီလို တစ်သက်လုံး ကြည့်လာတဲ့ ရုပ်ရှင်တွေက ဒီအလုပ်မှာ လာပြီး အကျိုးပေးတယ်၊ ဒါပေမယ့် ရုပ်ရှင်ကြည့်တဲ့သူတွေကိုတော့ ကျွန်တော် ပြောချင်တာ တစ်ခုပဲရှိတယ်၊ ရုပ်ရှင်က ရသပေါင်းစုံပေးတယ်၊ အဲဒါအပြင် သင်ခန်းစာ ပေးတာတွေလည်း ရှိတယ်၊ ဆိုတော့ ကိုယ့်အတွက် အသုံးတည့်တာ ကိုပဲ ယူပါ။

Software ပိုင်းနဲ့ ပတ်သက်လို့ရော ဘယ်လို Software တွေကို သုံးပါသလဲ။
ကျွန်တော်က Production ပိုင်း မဟုတ်တော့ Software ပိုင်းကို သိပ်နားမလည်ပါဘူး။ Software ပိုင်းကတော့ ညီလေး ဇင်မျိုးသူ ပြောပြပါလိမ့်မယ်။

ပထမဆုံးအနေနဲ့ အစ်ကိုရဲ့ Profile မိတ်ဆက်ပေးပါ။
ကျွန်တော်နာမည်ကဇင်မျိုးသူပါ။ ကိုညီလို့လဲ ခေါ်ပါတယ်။ အနုပညာ Field ထဲမှာတော့ ကိုညီလို့ပဲ သိကြပါတယ်။ ကျွန်တော် အရင်တုန်းက Animator ပေါ့နော်၊ Motion Designer လို့လဲ ပြောလို့ရတယ်။ အခုတော့ Production ပိုင်းကို တာ၀န်ယူနေရပါတယ်။ ဒီကုမ္ပဏီမှာ လုပ်လာတာ (၇) နှစ်လောက် ရှိနေပါပြီ။

Video Editing လုပ်ရင် ဘယ်လို Software မျိုးတွေ အဓိက သုံးဖြစ်လဲ။
Video Edition တွေ လုပ်ရင်တော့ Adobe Series တွေပဲ သုံးတယ်။ အဓိကတော့ Adobe Premier Pro သုံးတယ်။ Motion Graphic နဲ့ သုံးတာဆိုရင်တော့ Adobe After Effect တို့၊ တခြား 3D Software တွေ၊ တခြား Motion Graphic Software တို့ သုံးတယ်။

အသံပိုင်း တည်းဖြတ်တဲ့ Software တွေရော သုံးဖြစ်ပါသလား။
Audio ကလည်း ရုပ်သံမှာက ရုပ်ရှင်ရယ်လို့ ဖြစ်လာရင် အသံပိုင်းက အဓိက စိုးမိုးထားတယ်။ အသံပိတ်ပြီး ကြည့်လို့လဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ အသံဆိုတာ က တော်တော်ကြီးကို အရေးပါတယ်။ မြန်မာနိုင်ငံမှာက Audio ပိုင်းကို ဂရုစိုက်တာ တော်တော်ရှားတယ်။

2D ရုပ်ရှင် နဲ့ 3D ရုပ်ရှင် ဘယ်လို ကွာခြားပါသလဲ။
2D နဲ့ 3D ကွာခြားတာက 3D က သဘာ၀ ပိုကျတယ်။ 3D က Computer Graphic (CG) နဲ့လုပ်တာ များတယ်။ CG ဆိုတာကကွန်ပျူတာနဲ့လုပ်ရင်ပြီးရော။

နိုင်ငံခြားရုပ်ရှင်တွေ အောင်မြင်တယ်ဆိုတာ ဘာကြောင့်လို့ထင်ပါလဲ။
နိုင်ငံခြားရုပ်ရှင်တွေ အောင်မြင်တယ်ဆိုတာကလည်း သမရိုးကျ မဟုတ်ပဲ မဖြစ်နိုင်တာကို ရိုက်ပြလို့ အောင်မြင်တာပါ၊ ဥပမာ စိတ်ကူးတွေ ပေါင်းစပ်ထားတဲ့ Harry Potter လိုမျိုးပေါ့၊ သူ့ကိုကြည့်ရင် CG တွေ ခပ်များများ အသုံးပြုထားတာကို တွေ့နိုင်တယ်၊ ဒါလဲ အနုပညာတစ်ခုပဲပေါ့၊ ကြိုးစား အားထုတ်မှုတွေ အများကြီးတော့ လိုတယ်။ တစ်ဦးတစ်ယောက်ထဲနဲ့တော့ မလွယ်ဘူး၊ လူပေါင်းများစွာ လုပ်မှ Quality ကောင်းကောင်း ရမယ်။

ပြည်တွင်း နဲ့ ပြည်ပ Software ပိုင်းတွေ ဘယ်လို ကွာခြားပါသလဲ။
Software ပိုင်းကတော့ ကွာတယ်။ CG လို့ ပြောလိုက်ရင် Software အနေနဲ့ သတ်မှတ်ချက်ဆိုတာ မရှိဘူး၊ ဒီဟာလုပ်ဖို့ ဒီ Software ဆိုတာမျိုးလည်း မရှိခဲ့ဘူး။ တကယ့်ကုမ္ပဏီတွေမှာဆိုရင် သူတို့မှာ Programmer တွေရှိတယ်။ ကုမ္ပဏီက လိုချင်တဲ့ Software ကို Programmer တွေ ကိုယ်တိုင်ရေးယူပြီး Effect တွေ ပိုကောင်းအောင် ပြုလုပ်ကြတာမျိုးတွေ ရှိတယ်။

မြန်မာနိုင်ငံမှာ 3D ရုပ်ရှင်တွေ ဘာလို့ မထွက်ပေါ်လာသေးတာပါလဲ။
ဒီမှာ 3D ရုပ်ရှင်တွေ မထွက်ပေါ်သေးတာ အဓိကကတော့ ပရိုဂျူဆာတွေနဲ့လည်း အများကြီးဆိုင်တယ်။ ဒီမှာရှိနေတဲ့ ပညာရှင်တွေက အတိုင်းအတာတစ်ခုထိ တတ်ကျွမ်းတာပဲ ရှိတယ်။ အခုနောက်ပိုင်းမှာဆိုရင် International Standard မီတဲ့ Animator တွေ CG သမားတွေ အများကြီးရှိနေပါပြီ။ တချို့ဆိုရင် Quality တွေ အများကြီးတက်လာတယ်။

CG ပိုင်း တိုးတက်ဖို့ ဘာတွေ လိုအပ်ပါသလဲ။
CG ပိုင်းတိုးတက်ဖို့ Device တွေ၊ Control တွေသုံးရမယ်၊ Motion Capture တွေ သုံးရမယ်၊ ဒါမျိုးကြီးတွေ ရင်းနိုင်မဲ့သူ မရှိသေးဘူးပေါ့လေ၊ လုပ်နိုင်သလောက်တော့ လုပ်လို့ရမယ်၊ နိုင်ငံတကာကို မှီဖို့ဆိုရင်တော့ အဲ့လို Support တွေ အများကြီး လိုအပ်ပါတယ်။

နောက်ဆုံးနှုတ်ဆက်စကားလေးပြောပြပေးပါ။
ကျွန်တော်လဲ လူငယ်ပဲ၊ ကျွန်တော် အမြဲတမ်း ပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်၊ ကြောင်းကျိုးတစ်ခုဆိုတာ အချိန်တန်မှ ဖြစ်တယ်၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အချိန်မတန်သေးရင် ဘာမှ မဖြစ်ဘူး။ ဒါပေမဲ့ တစ်ခုရှိတာပေါ့နော်၊ အချိန်တန်ရင် ဖြစ်မှာပဲ ဆိုပြီးတော့ ထိုင်နေလို့တော့ မရဘူးပေါ၊့ ကိုယ်က အဲ့အချိန်တန် တာ ဘယ်အချိန်လဲ မသိဘူး။ အဲ့ဒီအချိန်ကို စောင့်နေရင်းနဲ့ ကိုယ်ဘက်က လုပ်စရာ ရှိတာ အကုန် လုပ်ထားရမယ်။ အခုလို Myanmar ICT မှ သိချင်တာလေး များကို ဖြေကြားပေးတဲ့ 5 Network မှ ကိုနေလင်းလွင်နဲ့ ကိုဇင်မျိုးသူတို့ကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *